မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ တော်လှန်ရေးတပ်နဲ့ စစ်တပ်စစ်ကြောင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်စစ်တပ်ဘက်က ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ် (၂) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
မနေ့က ဇန်နဝါရီလ ၆ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်လောက်မှာ တော်လှန်ရေးတပ်တွေက မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာ ရွေညောင်ပင်ဂိတ်စစ်ခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“စကစ ရဲ့ အကြီးဆုံး ဆောက်ထားတဲ့ဂိတ်ပါ။ ပြီးရင် မြို့ရဲ့ အနောက်ဘက် အဝင် အထွက်ဂိတ်လို ဖြစ်နေတော့ ကြီးပါတယ်။ အင်အား ၅၀လောက် ရှိပါတယ်” လို့ မြင်းခြံခရိုင်၊ အမှတ် (၂) တပ်ရင်းက တာဝန်ရှိသူတဦးက မောင်းကို ပြောပါတယ်။
တိုက်ပွဲဖြစ်ချိန် နာရီဝက်နီးပါးကြာမြင့်ခဲ့ပြီးနောက် မြင်းခြံမြို့ပေါ်ကနေ စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ မီတာ ၁၅၀ လောက်အကွာမှာ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ်တိုက်ပွဲဟာ နှစ်နာရီကျော် ကြာမြင့်ခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်က ၇ယောက် သေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့ပြီး ၅ ယောက်လည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ သိရပါတယ်။
ဖရဲသီးသတင်းပေးမှုအရ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသွားသူ ၅ ယောက်ထဲက သုံးယောက် ထပ်မံသေဆုံးသွားတယ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင်ရွှေညောင်ပင်ဂိတ်မှာ စစ်တပ်အလိုကျ လုပ်ကိုင်ဆောင်ရွက်ပေးနေသူ နှစ်ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ မြင်းခြံခရိုင်၊ အမှတ် (၂) တပ်ရင်းနဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ Onemore စစ်ကြောင်း၊ မိုရှည်ဒါးယမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း (၉)၊ YLK ရေလည်ကျွန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမေ့လက်ရုံး (ရေလည်ကျွန်း) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။