မန္တလေးတိုင်း၊ မြင်းခြံခရိုင် မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲသုံးကြိမ် ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၁၀ ယောက် ထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ MBT အပါတော်လှန်ရေးတပ်တွေရဲ့ ထိတွေ့မှုရှိနေခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်က အထိခိုက်များခဲ့သလို လေကြောင်းပစ်ကူတွေပါ ယူခဲ့ရတယ်လို့သိရပါတယ်။
ပထမဆုံးအနေနဲ့ နွားထိုးကြီးမြို့နယ်၊ ကုကုန်းရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ MBT တပ်တို့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ စတင်ထိတွေ့မှုဖြစ်ခဲ့တယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။
ကုကုန်းရွာအတွင်းတပ်စွဲထားတဲ့ စစ်အုပ်စုထဲက အင်အား ၃၀ ပါ အကြမ်းဖက်စစ်သားတွေဟာ အရပ်သားပိုင်ကြက်ခြံတွေထဲ ရိက္ခာအတွက် လာရောက်ပစ်ခတ်ဖို့ကြိုးစားချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား (၇) ယောက်သေဆုံးကာ ၅ ယောက်ထိခိုက်ဒါဏ်ရာရရှိပြီးတပ်စွဲထားတဲ့ ကုကုန်းရွာအတွင်း ပြန်လည် ထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။
နောက်တစ်နေ့ ဒီဇင်ဘာလ ၂၆ရက် နေ့မှာတော့ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို MBT နဲ့ ပူးပေါင်းတပ်တွေဝင်ရောကတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက် သုံးယောက်သေဆုံးကာ ၅ယောက်ထိခိုက်သွားတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။


ဒီတိုက်ခိုက်မှုကို Myingyan Black Tiger(MBT) မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းနဲ့အတူ MGN 35 ပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့နဲ့ Myingyan Danger Dynamite တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၃၁ရက် နေ့မှာလည်း နွားထိုးကြီးမြို့နယ်၊ ကုကုန်းရွာထဲ တပ်စွဲထားတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းနဲ့ MBT တပ်တွေ ထပ်မံထိတွေ့မှုဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်မှုများခဲ့တယ်လို့ ဆိုပါတယ်။
MBT တပ်ရဲ့ တပ်စွဲထားရာနေရာတွေဆီ စစ်ကြောင်းထိုးလာချိန်မှာ ခုခံတိုက်ခိုက်ခဲ့တာလို့ ဗိုလ်မိုက်ခဲကပြောပါတယ်။
“အဲ့နေ့က သူတို့ဘက်တော်တော်သေတယ်။ လေကြောင်းပစ်ကူလည်းလုပ်ရတယ်။ ကျနော်တို့ စခန်းကိုသိတာတော့မဟုတ်ဘူး။ စစ်ကြောင်းထိုးတာပါ။ အဲ့မှာ ကျနော်တို့သာတော့ လိုက်နင်းခဲ့တာ။ သီတာယုမွန် အဖွဲ့ကအများဆုံးပါတယ်။ ” လို့ ဗိုလ်မိုက်ခဲကမောင်းကိုပြောပါတယ်။
တိုက်ပွဲအပြီး အထိနာသွားတဲ့ စစ်အုပ်စုက ကုကုန်းရွာထဲပြန်ပြီး ဆုတ်ခွာ ထွက်ပြေးသွားသလို တော်လှန်ရေးတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရင်း လက်နက်ခဲယမ်းတချို့ ရရှိခဲ့တယ်လို့လည်းသိရပါတယ်။

တိုက်ပွဲဟာ အချိန် ၅ နာရီနီးပါးကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန်ထဲ နွားထိုးကြီးနဲ့ မြင်းခြံမြို့ပေါ်ကနေ လက်နက်ကြီးပစ်ကူတွေပေးတာ၊ ဂျက်ဖိုက်တာနဲ့လေကြောင်းပစ်ကူတာတွေရှိခဲ့တယ်လို့ ဗိုလ်မိုက်ခဲကပြောပါတယ်။
အကြမ်းဖက်စစ်ကြောင်းကို Myingyan Black Tiger(MBT) မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းနဲ့အတူ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နဲ့ Burmese Guerrilla Force(BGF)တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်းသိရပါတယ်။