စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက်အမြန်ရေယာဥ်တစီးကို အသင့်စောင့်ကြိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေတပ် (Salingyi) တပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့ မနက်အစောပိုင်းက မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်စခန်းကနေ အင်အား ၇၀ လောက်နဲ့ ချင်းတွင်းမြစ်ကြောင်းအတိုင်းအထက်ကိုဆန်တက်လာတဲ့ အဲ့ဒီအမြန်ရေယာဥ်ကိုဆားလင်းကြီးနယ်ထဲအရောက်မှာ တော်လှန်ရေးတပ်တွေက ဝိုင်းပြီးပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ပွိုင့်နှစ်ပွိုင့်နဲ့အတူ ရှေ့ထွက်ပြောင်းတိုက်တွေ၊ အဖူးထွက်တွေပစ်ခတ်ရင်း လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တဲ့အတွက် ရေယာဥ်ပေါ်ပါ စစ်အုပ်စုတွေအထိခိုက်များခဲ့တာလို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ် (Salingyi) တပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

“မြစ်ရိုးတောက်လျှောက် အဖွဲ့တွေကဝိုင်းပစ်ကြတာ၊ အဲ့ယာဥ်ကလည်း သေးတော့ထိခိုက်မှုတွေရှိတယ်။ သူတို့ဘက်ကလည်း စက်လက်တွေ၊ လက်နက်ကြီးတွေနဲ့ မြစ်ရိုးဘက်ကိုပြန်ပစ်ပါတယ်” လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ် (Salingyi) တပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။
အဲ့လိုတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေရှိတဲ့နေရာကို မအူဂိတ်အတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘဲ ရေလယ်ကျွန်းတွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သူက ပြောပါတယ်။
ရှေ့ဆက်တိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ အတွက်ကျည်တစ်တောင့်ဖိုးဖြစ်စေ ပါဝင်ကူညီပေးကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

ဒီတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူကာကွယ်ရေးတပ် (Salingyi) တပ်ဖွဲ့နဲ့ အတူ မုံရွာခရိုင် တပ်ရင်း (၄)၊ တပ်ခွဲ (၂) တပ်ခွဲ 5/ Commando Forceနဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။
တိုက်ခိုက်ခံလိုက်ရတဲ့ အမြန်ရေယာဥ်ဟာ အုန်းပင်ဆိပ်ဆိပ်ကမ်းမှာ ရပ်နားခဲ့ပြီး လိုက်ပါလာတဲ့စစ်သားတွေကို မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ကားတွေနဲ့လာရောက် ခေါ်ဆောင်သွားတယ်လို့လည်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ် (Salingyi) တပ်ဖွဲ့ တာဝန်ခံက ပြောခဲ့ပါတယ်။
