စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်အရှေ့တောင်ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ လသားအရွယ်ကလေးတစ် ယောက်အပါအဝင် လေးယောက် သေဆုံးသွားတယ်လို့ ဝက်လက်နယ်ခံ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက် မနက် ၉ နာရီကျော်လောက်မှာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ၂ စီးဟာ ထိတွေ့ပစ်ခတ်မှုမရှိပဲ ပေါက်ကံဘူတာဘောလုံးကွင်းအနောက်ဘက် နဲ့ ရေသောက်ကန်ရွာ ဘုန်းကြီးကျောင်းထဲကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားခဲ့တာလို့ဆိုပါတယ်။
“ ဘာထိ တွေ့မှုမှမရှိဘူး။ အရပ်သားပြည်သူတွေနေတဲ့နေရာကို သက်သက်လာကြဲသွားတာ၊ အဲဒီရွာလေးတွေက နီးနီးလေးတွေတစ်မိုင်တောင်ဝေးမှာမဟုတ်ဘူး။ နေအိမ်တွေလည်း ခန့်မှန်း ၃ လုံးလောက် ပျက်ဆီးခဲ့တယ်” လို့ ဝက်လက်နယ်ခံ ကိုဖေဖော်ဝါရီဝမ်းက မောင်းကို ပြောပါတယ်။


အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်ကံဘူတာဘောလုံးကွင်းအနောက်ဘက်က အမျိုးသမီး သုံးယောက် နဲ့ လသားအရွယ်ကလေးတစ်ယောက်သေဆုံးခဲ့ပြီး ရေသောက်ကန်ရွာက အမျိုးသားတစ်ယောက်ကတော့ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“သေဆုံးတဲ့သူတွေက မိသားစုဝင်တွေ ဟုတ်မဟုတ်မသိရသေးဘူး။ သေတဲ့အထဲမှာလသားအရွယ်ကလေးယောကျာ်းလေးလည်းပါတယ်။ ဒီရွာတွေက လေကြောင်းကအခုမှ ပထမအကြိမ်ကြဲခံဖူးတာ” လို့ ကိုဖေဖော်ဝါရီဝမ်းက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတစ်ချို့ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတာတွေလည်းရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း အကြမ်းဖက်စစ်အုပ်စုက ဝက်လက်မြို့နယ် အရှေ့ခြမ်းကိုလေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ် ပြုလုပ်ခဲ့တဲ့ အတွက် ဒေသခံ ၂၆ ယောက် သေဆုံးပြီး၊ ၄၀ ကျော် ထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ်များစွာလည်း မီးလောင်ပျက်ဆီးသွားခဲ့ ပါသေးတယ်။
