မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အငြိမ်စားကျောင်းဆရာမ တယောက်နေအိမ်အတွင်းထဲ အသတ်ခံရပြီး သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေဆီက သိရပါတယ်။
အသတ်ခံရသူဟာ အသက် ၇၀ ဝန်းကျင်အရွယ် ဒေါ်စန်းစန်းအေး အမည်ရှိသူဖြစ်ပြီး မော်လမြိုင်က အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းက ပင်စင်စား ဆရာမ ဖြစ်တယ်လို့ သိရပါတယ်။
“ဆရာမက အပျိုကြီး တယောက်တည်းနေတာ။ အသက်လည်း ကြီးပြီ။ ပင်စင်ယူထားတာ ၁၀ နှစ်လောက်ရှိပြီ။ ဆရာမအိမ်ဘေးမှာက ဆရာမ တူတွေနေတယ်။ သူတို့ကလည်း ရန်ကုန်သွားနေချိန်မှာ ဆရာမက အသတ်ခံလိုက်ရတာ” လို့ မော်လမြိုင်မြို့ခံ အမျိုးသားတဦးက မောင်းကိုပြောပါတယ်။
ဒေါ်စန်းစန်းအေးဟာ ပြီးခဲ့တဲ့ သောကြာနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ အသတ်ခံခဲ့ရတာလို့ ယူဆရပြီး မနေ့က ဇန်နဝါရီလ ၅ ရက်နေ့မှာမှ ပတ်ဝန်းကျင်က အနံ့ရတာကြောင့် လူမှုကယ်ဆယ်ရေးအသင်းတွေကို ဆက်သွယ်ပြီး ဒေါ်စန်းစန်းအေး နေထိုင်တဲ့ အိမ်ကို ရှာဖွေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဆရာမကိုရှာတွေ့တော့ ကြိုးတုတ်ခံထားရပြီး အသတ်ခံထားရတာ။ ရွှေတွေလည်း ပါသွားတယ်လို့ ပြောတယ်။ ဘယ်လောက်ပါသွားလဲတော့ အတိအကျ မသိဘူးပေါ့။ ဆရာမက ပင်စင်ယူပြီးနောက်မှာလည်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး Interfaith တွေလည်း လုပ်ခဲ့တဲ့သူပါ ” လို့ အဲ့ဒီအမျိုးသားကဆက်ပြောပါတယ်။
စစ်တပ်ရဲ့ ထိန်းချုပ်မှု ရာနှုန်းပြည့်ရှိနေတဲ့ မော်လမြိုင်မြို့မှာ မကြာခဏဆိုသလို ပိုင်ရှင်မဲ့အလောင်းတွေ၊ ယခုကဲ့သို့ အသတ်ခံရမှုတွေ ဖြစ်ပေါ်နေပေမယ့် တရားခံတွေကို လက်ရှိအုပ်ချုပ်နေသူတွေက ဖမ်းဆီးရမိခြင်းမရှိနေဘူးလို့ သိရပါတယ်။