ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်ကိုယ်တိုင် မြေပြင်ဆင်းမယ်လို့ ဆိုကာ တပ်လှန့်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးဒေသထဲမှာရှိတဲ့ အမှတ် ၆၆၆ ပွိုင့်ကုန်းဆီ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒုတိယဗိုလ်မှုူကြီးအပါအဝင် တပ်သား ၇ ယောက် သေဆုံးသွားတဲ့ ဖြစ်စဉ်လည်း ရှိနေပါတယ်။
“ စအခ (၁၀) ကလေးအခြေစိုက်တပ်က သေသွားတာ။ ကျွန်တော်ကတော့ ခေတ္တနည်းဗျူဟာမှူးလို့ထင်တယ်။ ယူနီဖောင်းမှာက စအထ ၁၀ လက်အောက်ခံတပ်ဆိုပြီးတော့ ဝတ်ထားတာ။ ပြီးတော့ ဒီဒုတိယဗိုလ်မှူးကြီး တယောက်လည်း သေသွားတဲ့အတွက် တိုင်းမှူး ဒါမှမဟုတ်ရင် မင်းအောင်လှိုင်၊ စိုးဝင်း သူတို့ထဲကနေ လာဖို့ရှိတယ်။ အခုပန်းတောင်းတပ်နယ်ကို တပ်လှန့်ထားတယ် ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကိုပြောပါတယ်။
ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်လာမယ်ဆိုတဲ့ သတင်းဟာ AA နဲ့ တော်လှန်ရေးတပ်တွေ အခုစစ်ကြောင်းကို မတိုက်ခိုက်ခင်၊ စစ်တပ်ဘက် ဗိုလ်မှူးကြီး မသေဆုံးခင် ကတည်းက သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပြီး အကြောင်းအရင်းမှာ ကာကွယ်ရေးစက်ရုံတွေကို လာကြည့်ဖို့ ဖြစ်နိုင်သလို ပန်းတောင်းနယ်ထဲက သမိုင်းဝင်နေရာတွေမှာ ယတြာလာခြေဖို့လည်း ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။
“ အကုန်လုံးခြုံကြည့်ရင်တော့ စစ်တပ်က ထပ်နာဦးမှာပဲ။ ဘာလို့လဲဆိုတော့ မသုန်ကနေ ပွိုင် ၆၆၆ လမ်းက မိုင်းထောင်ပြီးတော့ အာရက္ခတပ်တော်ဘက်က စိုးမိုးထားတဲ့ ပုံစံမျိုးပဲ။ ပြီးတော့ စစ်တပ်ကလည်း အဲဒီ ၆၆၆ စခန်းက ကျသွားလို့ မရဘူး။ အဲ့တော့ စစ်တပ်က တက်လာသမျှ အဖွဲ့ကို ကြားထဲကနေ တိုက်ခိုက်မှာပဲ။ အခုဆိုလည်း ခေတ္တနည်းဗျူဟာမှူးအဆင့် လောက်ခံလိုက်ရတာဆိုတော့ ထပ်ပြီးတော့ အင်အားတွေ ထပ်ဖြည့်နေတာပဲ။ ဒါပေမယ့် ထပ်သွားရင် ထပ်ပြီးတော့ ကြားဖြတ်တိုက်နေမှာပဲ။ ပြီးတော့ ၆၆၆ နဲ့ ကပစ ၁၆ ကြားနေရာကလည်း လေကြောင်းပစ်ဖို့ကို ကန့်သတ်ချက်တွေ ရှိတဲ့ပုံစံမျိုးရှိတယ်။ အဲ့တော့ သူတို့က ထပ်ခါထပ်ခါ ခံနေရမယ့် အနေအထားမျိုးကိုတွေ့ပါတယ် ” လို့ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်တပ်ဆီကနေ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်တချို့ကို AAနဲ့ပူးပေါင်းတပ်တွေက သိမ်းဆည်းရရှိခဲ့ပြီး လက်ရှိထိလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။