စစ်ကိုင်းတိုင်း၊ ခင်ဦးနယ်အရှေ့ဘက်က စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာကို စစ်အုပ်စုကဗုံးကြဲလို့ ဒေသခံ သုံးယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဇန်နဝါရီ ၅ ရက် ည ၈ နာရီခွဲလောက်မှာ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ကုန်းကြီးကျေးရွာ စာသင်ကျာင်းနဲ့ ကပ်နေတဲ့ စစ်ဘေးရှောင်တွေနေထိုင်ရာ ဆီခြံကို လေကြောင်း တိုက်ခိုက်ခဲ့တာပါ။
အခုလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူ အမျိုးသား (၂)ယောက်နဲ့ အမျိုးသမီး (၁) ယောက် စုစုပေါင်း (၃)ယောက် ပွဲချင်းပြီး သေဆုံးပြီး (၁၀)ယောက်ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

” ဒဏ်ရာရတဲ့သူတွေကတော့ညတွင်းချင်းပဲ ဒီဖိုက်တာချပြီးတာနဲ့ နယ်မြေခံပြည်သူကနေပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု တွေဝိုင်းဝန်းပြီတော့ဆောင်ရွက်ပေးနေကြတယ်။ ဒဏ်ရာရတဲ့လူတွေထဲမှာ လေကြောင်းတိုက်တာဆိုတော့အစုံပဲပေါ့၊ ပြင်းထန်ဒဏ်ရာတွေလည်းပါသလို သာမန်လောက်ပဲဆိုတာမျိုးတွေ လည်းရှိတော့ရှိပါတယ်” လို့ ခင်ဦးမြို့နယ်ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူစစ်ဘေးရှောင်နေထိုင်နေကြတဲ့ ဆီသိုလှောင်ခြံကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလိုအကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခင်ဦးမြို့နယ်အတွင်းက နယ်မြေခံပြည်သူတွေ၊စစ်ဘေးရှောင်တွေနဲ့ ခရီးသွား ပြည်သူတွေအနေနဲ့ လေကြောင်း လုံခြုံရေးသတိထားပြီး သွားလာကြဖို့ကိုလည်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အသိပေးထားပါသေးတယ်။

