မကွေးတိုင်း၊ ဂန့်ဂေါခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်လုပ်ဆောင်နေတဲ့အတွက် ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိအောင် အရပ်သားတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးပြီး၊ သတိပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကစလို့ ဒီနေ့အထိလေးရက်ဆက်ဆိုသလို ဂန့်ဂေါခရိုင်အတွင်းက ဂန့်ဂေါ၊ ဆောနဲ့ ထီးလင်းမြို့နယ်တွေကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး အရပ်သားနေအိမ်တွေနဲ့ အဆောက်အဦတွေ ထိခိုက်ပျက်စီးထားတယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ မိတ္ထီလာနဲ့ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာ၊ Y12၊ A-5Bomber၊ Yak-130 ဖိုက်တာတွေအသုံးပြုပြီး ဂန့်ဂေါခရိုင်အတွင်းကို ၁၂ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ထားရာမှာ ဗုံးသီး အလုံး ၈၀ နီးပါးကြဲချခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ဖြစ်တဲ့ ယောအလင်းတန်းကဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာကြောင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်းကျေးရွာက လူနေအိမ်တွေနဲ့ စပါးသိုလှောင်ရာ စပါးတိုက်တွေပျက်စီးပြီး စပါးတင်းရေ ၆၀၀ ကျော် ဆုံးရှုံးခဲ့တယ်လိို့လည်းသိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၆ရက် ဒီနေ့မှာလည်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေပြီး ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျောက်ထုဒေသဖက်ကို Y 12 ဘက်စုံသုံးလေယာဥ်နဲ့ ဗုံး ၇၅ လုံးနီးပါး အကြောင်းမဲ့ကြဲချသွားတယ်လို့ ယောအလင်းတန်းကပြောပါတယ်။
လက်ရှိအခြေအနေအရ လူအသေ ပျောက်မရှိသေးပေမယ့်လည်း ထိခိုက်ဒဏ်ရာရသူတွေရှိနေကြောင်းနဲ့ လေကြောင်းရန်အန္တရယ်အတွက် အထူးဂရုပြုသင့်ကြောင်း ယောအလင်းတန်း အဖွဲ့ဝင် ကိုရောင်နီက ပြောပါတယ်။
” ကျေးရွာတော်တော်များများက ဗုံးခိုကျင်းတူးထားကြတာ နည်းလွန်းတယ်ဗျ။ ဒါကြောင့် လေကြောင်းတိုက်ခိုက်ခံရမှုတွေဖြစ်လာရင် ထိခိုက်ဖို့ပိုများတယ်။ ပုန်းခိုနိုင်ဖို့ မဖြစ်မနေ ဗုံးခိုကျင်းတွေတူးထားဖို့လိုကြောင်း ပြည်သူတွေကို သတိပေးပါရစေ။ လေကြောင်းတိုက်ခိုက်မှုတွေက ဒီထက်မကပိုဆိုးလာမယ့်အနေအထားတွေတွေ့နေရပါတယ်။ ” လို့ ယောအလင်းတန်း အဖွဲ့ဝင် ကိုရောင်နီက မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ဂန့်ဂေါခရိုင်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ဖို့အတွက် စစ်အုပ်စု ထောက်ခံသူတွေက တိုက်တွန်းပြောဆိုတာတွေရှိပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကုန်လောက်ကစလို့ ဂန့်ဂေါခရိုင်စစ်ဌာနကနေ ဦးဆောင်ပြီး Yawland Operation စတင်နေကြောင်း နဲ့ ဂန့်ဂေါနယ်အတွင်း စစ်အုပ်စုတပ်စခန်းတွေတိုက်ခိုက်နေကြောင်း သတင်းတွေလည်းထုတ်ပြန်ထားပါတယ်။
ဒီနေရာမှာ လေကြောင်းတိုက်ခိုက်တာတွေအပြင် ဂန့်ဂေါမြို့ပေါ် ခလရ (၅၀) တပ်ကနေ အနီးအနားကျေးရွာတွေထဲ လက်နက်ကြီး (၁၂၀) မမ ရမ်းကားပစ်ခတ်တာတွေပလည်း ရှိနေတယ်လို့ သိရပါတယ်။