ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ပါက ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုကို နှစ်ဆတိုးမြှင့် ကျူးလွန်ခဲ့တယ်လို့ Myanmar Defense & Security Institute – MDSI က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ နိုဝင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဒီဇင်ဘာလ အတွင်းမှာတော့ တိုက်ခိုက်မှုပေါင်း ၁၁၉ ကြိမ်ထိ တိုးမြှင့် ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၁၉ ကြိမ်မှာ သေဆုံးသူ ၂၀၀ နီးပါးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၀၀ ကျော်ရှိခဲ့တယ်လို့ MDSI က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၅ ရက် ဒီကနေ့ ရက်စွဲနဲ့ ထွက်ရှိလာတဲ့ MDSI ရဲ့ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်တပ်ဟာ တစ်လ အတွင်း နိုင်ငံအနှံ့အပြားကို လေကြောင်းတိုက်ခိုက်မှုတိုးမြှင့်ကျူးလွန်ခဲ့တာဖြစ်ပြီး အဲဒီလေကြောင်း တိုက်ခိုက် မှုကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၁၇၆ ယောက် သေဆုံးခဲ့ရပြီး ၃၂၅ ယောက် ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုကို အရပ်သားပြည်သူတွေ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ အထိအခိုက်ပိုမိုများပြားစေဖို့ ညပိုင်းအိပ်စက်ချိန်တွေမှာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ကျူးလွန်မှုကို စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မန္တလေး တိုင်းတွေမှာ အများဆုံး ကြုံတွေ့ခဲ့ရပြီး စစ်ကိုင်းတိုင်း နဲ့ ရခိုင်ပြည်နယ်တွေမှာ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အ မြင့်ဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကျူးလွန်ရာမှာ အရပ်သားဧရိယာတွေဖြစ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံစတဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို ရွှေ လုပ်ကွက်၊ ရေနံမှော် စတဲ့ စီးပွားရေးလုပ်ငန်းနေရာတွေကိုပါ တိုက်ခိုက်ခဲ့ပြီး စစ်ရေးဖိအားပေးမှုကို တိုးမြှင့်လုပ် ဆောင် ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အဓိကပစ်မှတ်ထားခံနေရတဲ့ ဒေသတွေ ဖြစ်တယ်လို့ဆိုထားပါတယ်။
“ မြေပြင်စစ်ဆင်ရေးတွင် ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာသဖြင့် လေကြောင်းအားကို အလွန်အကျွံ အားထားလာ ခြင်း၏ အကျိုးဆက်ဖြစ်ကြောင်း သုံးသပ်ရသည်။ စစ်ကိုင်းတိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင် စစ်ဆင်ရေးများကိုလည်း တိုးမြှင့်ဆောင်ရွက်လာနိုင်ခြေ ရှိနေပါသည်” လို့ MDSI ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ရာမှာ ဂျက်ဖိုက်တာ၊ Y-12 ၊ Paramotor ၊ Gyrocopter စတာတွေကို အသုံးပြုတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှုပိုများတဲ့ ညပိုင်းအချိန် တိုက်ခိုက်မှုကို တိုးမြှင့်ကျူးလွန် နေတာဖြစ်တယ်လို့ MDSI က ဆိုပါတယ်။
