အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ရေတာရှည်မြို့နယ် နဲ့ တွံတေးမြို့နယ်က နေအိမ်တွေကို မြန်မာအနိုင်ငံတော်အလံတွေထောင်ထားခိုင်း တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၅ ရက် ဒီနေ့မနက်လောက်မှာ ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးက နေအိမ်တိုင်းအလံ မဖြစ်မနေထောင်ခိုင်းနေတာလို့ ဆိုပါတယ်။
အလံမထောင်တဲ့ကျေးရွာ တွေကအိမ်တွေကို ဒဏ်ငွေ ကျပ် ၆၀၀၀၀ ပေးဆောင်ခိုင်းတာ မျိုးပြုလုပ် တဲ့အပြင်၊ စစ်အုပ်စုက ပေါတာဆွဲတာ၊ ချောဆွဲတာမျိုးတွေ လုပ်ဆောင်မယ်လို့ ခြိမ်းခြောက်ပြောဆို တာမျိုးတွေလည်းရှိတယ်လို့ဆိုပါတယ်။

“သူတို့အလံထောင်ခိုင်းတဲ့ကိစ္စကမြန်မာတစ်နိုင်ငံလုံးမှာနေရှိနေတဲ့ ဒီစကစလက်အောက်ခံ၊ စကစ စိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေအနံ့တွေမှာ ဒါတွေကလိုက်ခိုင်းတဲ့သဘောပါပဲ၊ သူတို့ခိုင်းတာမလုပ်ရင် ဒဏ်ငွေဆောင်ရမယ်ဆိုတော့ မဖြစ်မနေ ထောင်ပေးရတာပေါ့ အကယ်၍ အမြင်ကတ်ပုဒ်မ နဲ့ စစ်မှု့ထမ်း ခေါ်မှာလည်းကြောက်ရသေးတာကိုး ဒီတော့အလံထောင်တာကိုရွေးပေးရတဲ့သဘောပဲ အလံတွေကို မဲမထည့်ခင်လဲထောင်ရမယ်၊ မဲထည့်ပြီးရင်လည်းထောင်ရမယ်” လို့ ရေတာရှည်နယ် ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
အလံတွေကို မဲပေးတဲ့သူတွေရော ၊ မဲမပေးတဲ့သူတွေရောထောင်ရမှာဖြစ်ပြီး အခုလိုအလံ ထောင်ခိုင်း တာဟာ သူတို့ ရွေးကောက်ပွဲ မဲမသမာမှုတွေမရှိကြောင်းကို ပြသတဲ့အနေနဲ့ သက်သေယူတာဖြစ်သလို ကာကွယ်ရေးတပ်ဖွဲ့တွေကို ဝါဒဖြန့်တဲ့သဘော မျိုးလည်းဖြစ် တယ်လို့အဲ့ဒီဒေသခံက ဆိုပါတယ်။
“ဘာလို့ဒီလိုလုပ်လဲဆို ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာမဲမသမာမှုရှိခဲ့တယ်လို့ မအလ က မနေ့က လွတ်လပ်ရေးနေ့မှာထုတ်ပြောခဲ့ပြီး၊ အခြေခံပညာသင်ကြားတဲ့အခါမှာတောင် ဒီကိစ္စကိုထည့်သွင်း သင် ကြားရမယ်လို့ပြောခဲ့သေးတာပဲ ဒါကြောင့်သူတို့လုပ်တဲ့ရွေးကောက်ပွဲဟာ အများပြည်သူက ထောက်ခံ တယ်ဆိုတဲ့ ပြရုပ်ကို ပြဖို့အခုလို လုပ်တာပါ ” လို့ အဲ့ဒီ ဒေသခံက ဆက်ပြောပါတယ်။
ရေတာရှည်မြို့နယ်ထဲက စစ်ပွဲတွေဖြစ်ပွားနေတဲ့ ကျေးရွာတွေကိုတော့ အလံထောင်းခိုင်းတာမရှိပေမဲ့ လည်း ရေတာရှည်မြို့နယ် နဲ့ မြို့နယ်ထဲက လမ်းဟောင်း ၊လမ်းသစ်နားက ကျေးရွာတွေကိုတော့ အလံတွေထောင်ခိုင်းထားတယ်လို့သိရပါတယ်။
ရေတာရှည်မြို့နယ်ဟာ ၅ မြို့နယ်ရှိတဲ့အတွက် ရေတာရှည်မြို့ ၊ ဆွာမြို့ ၊ သာဂရမြို့ ၊ ရေနည်းမြို့ ၊ မြို့လှမြို့ စတဲ့နေရာတွေကိုလည်း အခုလိုအလံတွေ ထောင်ခိုင်း ထားတာလို့ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း တွံတေးမြို့နယ် နဲ့ လှိုင်သာယာမြို့နယ်တွေမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဇန်နဝါရီ ၄ ရက်နေ့မှာ နေအိမ်တိုင်းကို အလံများကို မဖြစ်မနေ ထောင်ခိုင်းပြီး ဒီနေ့အထိလည်း အလံတွေကိုထောင်ထားရဆဲ ဖြစ်တယ်လို့ဆိုပါတယ်။