မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စဉ်းစားတွေးခေါ်မှု အားနည်းခြင်းနဲ့ သူတို့ကို အားပေးထောက်ခံသူတွေရဲ့ အသိဉာဏ်နည်းပါးတာတွေကြောင့် တိုင်းပြည် အောင်မြင်သင့်သလောက် မအောင်မြင်၊ မတိုးတက်ရတာဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အပြစ်တင် ပြောဆိုလာပြန်ပါတယ်။
မနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ စစ်ကော်မရှင်က ကျင်းပခဲ့တဲ့ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းတဲ့ အခမ်းအနားမှာ မင်းအောင်လှိုင်က အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။
နိုင်ငံနဲ့ ပြည်သူ့အကျိုးကို မလိုလားတဲ့ ပြည်ပနိုင်ငံအချို့နဲ့ လမ်းမှားလိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ အသိဉာဏ်နည်းပါးတဲ့ အကြမ်းဖက်သမားတွေကြောင့် နိုင်ငံတိုးတက်မှု နှောင့်နှေးနေရတာလို့ မင်းအောင်လှိုင်က ဆိုခဲ့တာပါ။
ဒါ့အပြင် ပြည်တွင်းပြည်ပက အဖျက်အမှောင့် လုပ်ရပ်တွေကို ယုံကြည်ပြီး ကိုယ်ကျိုးအတ္တ ရှေ့တန်းတင်နေသူတွေ၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်သူတွေ ရှိနေဆဲဖြစ်တယ်လို့လည်း မင်းအောင်လှိုင်က စွတ်စွဲပြောဆိုခဲ့ပါသေးတယ်။
အခုလို မြင်မတူဘဲ သဘောထားကွဲလွဲနေတဲ့ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေ အနေနဲ့ ပဋိပက္ခတွေကို ရပ်တန့်ကာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြဖို့ကိုလည်း ထပ်မံဖိတ်ခေါ်တယ်လို့ သူကဆိုပြန်ပါတယ်။
စစ်အုပ်စုက ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၂) ကို ဇန်နဝါရီ ၁၁ ရက်နေ့၊ အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက်နေ့တွေမှာဆက်လက်ကျင်းပသွားမှာဖြစ်ပြီး စစ်တပ်အနေဖြင့် စစ်ရေးတိုက်ပွဲတွေအပြင် နိုင်ငံရေးတိုက်ပွဲတွေကိုပါ ရင်ဆိုင်နေပြီး အမျိုးသားနိုင်ငံရေး ဦးဆောင်မှု ဆိုတဲ့ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့တယ်လို့လည်း မင်းအောင်လှိုင်က အဲ့ဒီ မိန့်ခွန်းမှာ သူဉီးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ကို ချီးမွန်းပြောဆိုသွားခဲ့ပါတယ်။