စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တိုက်နယ်ဆေးရုံကို စစ်အုပ်စုကဗုံးကြဲတိုက်ခိုက်လို့ ဆရာဝန်တစ်ယောက်အပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က တက်လာတဲ့ ဂျိုင်ရိုကော်ပတာဟာ မတောင့်တကျေးရွာ တိုက်နယ်ဆေးရုံကို ဗုံးသီး နှစ်လုံး ကြဲချခဲ့တယ်လို့ဆိုပါတယ်။
အဲ့လိုကြဲချ တဲ့အခါတစ်လုံးက ဆေးရုံပေါ်ကျရောက်သွားပြီး ကျန်တစ်လုံးက စားဖိုချောင်ထဲကို ကျရောက်ပေါက်ကွဲသွားခဲ့တယ်လို့ သိရပါတယ်။
“ထိတွေ့မှုမရှိဘူး၊ အရင်ကလည်းမရှိဘူး၊ အခုလည်းမရှိဘူး ပုံမှန်ဆိုရင် ဂျိုင်ရိုကော်ပတာ ၃ စီးကပေါက်ဘက်ကိုသွားပြီတော့ ဗုံးသွားသွားကြဲနေတာ၊ အဲ့နားအနီးတစ်ဝိုက်တော့ ဖြတ်သွားတာပေါ့၊ အခုဟာကျတော့ ပေါက်ဘက်လည်းသွားကြဲရင်း နဲ့ တစ်စီးကနေပြီတော့မတောင့်တ တိုက်နယ်ဆေးရုံကိုကြဲသွားတာ၊ ဘယ်သူမှလည်းထင်မထားဘူးလေ ခါတိုင်းကကျော်ကျော်ပြီးတော့ သွားတာဆိုတော့” လို့ဆားလင်းကြီးနယ်ခံက မောင်းကို ပြောပါတယ်။
အဲ့ဒီလေကြောင်း ဗုံးကြဲမှုကြောင့်သားဖွားမီးယပ်ဆရာဝန်တစ်ယောက် နဲ့ ထမင်းချက်အမျိုးသား ၂ ယောက် ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။
လေကြောင်းဗုံးကြဲခံရတဲ့ဆေးရုံဟာ စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းမှာဆောက်လုပ်ထားတဲ့ တိုက်နယ်ဆေးရုံတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
” လူနာတွေတော့ရှိတယ်၊ အထိခိုက်တော့မရှိလိုက်ဘူး၊ အခုကအဆောက်အဦအသစ်လို့ပြောရမယ်၊ တော်လှန်ရေးကာလမှာဆောက်ထားတာ၊ အခုအသစ်ဆောက်ထားတာက ဆေးပေးခန်းတော့မဟုတ်ဘူး၊ ဆေးရုံအဆင့်ပေါ့၊ ဒီကိုပဲလာလာကုကြတာဆိုတော့ ဆရာဝန်တွေလည်း တော်တော်များများရှိတယ်၊ အကုန်ကုပေးတာ” လို့ ဆားလင်းကြီးနယ်ခံက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်တာမျိုးမရှိပေမဲ့လည်း လေကြောင်းအန္တရာယ်ကို သတိထားပြီးနေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကလည်း မတောင့်တကျေးရွာ ဆေးရုံဟောင်းတစ်ခုကို အကြမ်းဖက်စစစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။