အမေရိကန်ရဲ့ စစ်ရေးကျူးကျော်မှုနဲ့ ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးခဲ့မှုအပေါ် မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂနဲ့ မဟာမိတ်အဖွဲ့တွေက ပြင်းထန်စွာ ရှုတ်ချကြောင်း ဇန်နဝါရီ ၄ ရက်နေ့က ထုတ်​ပြန်ကြေညာခဲ့ပါတယ်။

ဒီလုပ်ရပ်ဟာ အမေရိကန်အကျိုးစီးပွား (အမေရိကန်တဖက်သတ်အလိုကျအကျိုးစီးပွား) ကို ဆန့်ကျင်တဲ့ဘယ်နိုင်ငံ၊ ဘယ်အင်အားစုကိုမဆို နှိပ်ကွပ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်သတင်းစကားကို ပေါ်ပေါ်ထင်ထင်ဖြန့်ချိလိုက်တာသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂနဲ့ မဟာမိတ်အဖွဲ့တွေကဆိုပါတယ်။

ကမ္ဘာတလွှားက တိုးတက်တဲ့ အဖိနှိပ်ခံ လူတန်းစားပေါင်းစုံ၊ ဖိနှိပ်ခံ လူမျိုး ပေါင်းစုံ ပြည်သူလူထုနဲ့အတူ မိမိတို့အနေနဲ့ အမေရိကန်ရဲ့ ဒီလိုဖက်ဆစ်လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက် ရှုတ်ချလိုက်တယ်လို့ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂနဲ့ မဟာမိတ်အဖွဲ့တွေရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

“အမေရိကန်ဗိုလ်ကျလွှမ်းမိုးရေးဝါဒ ဆန့်ကျင်ကြ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထုနဲ့ အတူ စုစည်းတိုက်ပွဲဝင်ကြ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ကြ” လို့လည်း ထုတ်ပြန်ချက်မှာတိုက်တွန်းနှိုးဆော်ထားပါတယ်။

ဗင်နီဇွဲလား စံတော်ချိန် မနက် ၃ နာရီမှာ အမေရိကန်က ဗင်နီဇွဲလားစစ်စခန်းတခုကို တိုက်ခိုက် လိုက်တယ်။ သိပ်မကြာခင်မှာပဲ ဗင်နီဇွဲလားသမ္မတကို ဖမ်းလိုက်ပြီဆိုပြီး ဒေါ်နယ်ထရမ့်က ပြောခဲ့တယ်လို့ လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘယ်လိုပဲ ရှုပ်ထွေးမှုပေါင်းစုံ အကြောင်းရင်းပေါင်းစုံ ရှိပါစေ၊ အမေရိကန်ရဲ့လက်ရှိလုပ်ရပ်ဟာ လက်တွေ့မှာ ကျူးကျော်စစ်ပွဲတရပ် ထပ်မံဆင်နွှဲလိုက်တာ ဖြစ်ပြီး နိုင်ငံတနိုင်ငံက အခြားတနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲတာ၊ စစ်ရေးနည်းနဲ့ အကျပ်ကိုင်ဖိအားပေးတာကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ဆိုပါတယ်။

ဒါဟာ နယ်ချဲ့လုပ်ရပ်၊ ဖက်ဆစ်လုပ်ရပ်ဖြစ်တယ်လို့လည်းမြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂနဲ့ မဟာမိတ်အဖွဲ့တွေက ပြောဆိုထားပါတယ်။

ကမ္ဘာကြီးမှာ လက်ယာအစွန်းရောက်တွေ၊ ဖက်ဆစ်တွေက အင်အားကြီးထွားလာနေပြီး ဗင်နီဇွဲလား ကနေ ဗမာပြည်အထိ၊ ဂျော်ဒန်မြစ်ကမ်းကနေ ဧရာဝတီအထိ ကမ္ဘာ့လူမျိုးပေါင်းစုံပြည်သူအပေါင်းဟာ ဖက်ဆစ်အရင်းရှင်တွေ၊ ဖက်ဆစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကို ခါးစည်းခံနေကြရတယ်လို့လည်းထုတ်​ချက်ဆိုပါတယ်။

” လစ်ဘရယ် အရင်းရှင်နိုင်ငံရေးဟာ ဖက်ဆစ်စနစ်ကို ဘယ်တော့မှ အနိုင်ယူအလဲထိုးနိုင်စွမ်းမရှိခဲ့သလို အခုတခါမှာ လည်း ရှုံးနိမ့်ဦးမှာပဲ။ စိတ်ရှိတိုင်းကျူးကျော်ရန်စပြီး အနိုင်ကျင့်ဖိနှိပ်တဲ့ ဖက်ဆစ်ဝါဒ၊ စစ်ဝါဒကို ဘယ်လို လစ်ဘရယ်နိုင်ငံရေးအဆောက်အအုံနဲ့မှ တားဆီးဖို့မဖြစ်နိုင်တာ ဗမာပြည်သမိုင်းက သက်သေ ပဲ၊ ကမ္ဘာ့သမိုင်းက သက်သေပဲ။ အဖိနှိပ်ခံ တော်လှန်တဲ့ပြည်သူလူထုချင်း သွေးစည်းမှုကသာ ဖက်ဆစ်ဝါဒကို အမြစ်ပြတ်ချေမှုန်းနိုင်မှာဖြစ်တယ်။ အမေရိကန် ရဲ့ ဗင်နီဇွဲလား သမ္မတကို ကျုးကျော် ဖမ်းဆီးမှုဟာ နယ်ချဲ့ကျူးကျော်စစ်လုပ်ရပ်တခုသာဖြစ်တယ် ” လို့လည်း မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂနဲ့ မဟာမိတ်အဖွဲ့တွေ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုလို အမေရိကန်ရဲ့ လုပ်ရပ်ကို ပူးပေါင်းကန့်ကွက်တဲ့ အဖွဲ့အစည်းတွေကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ (ဗမသ)၊ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရတကသ)၊ တိုးတက်သော မွတ်စ်လင်မ် လူငယ်များအစည်းအရုံး၊ လီဆူလူငယ် အစည်းအရုံး၊ သွေးစွန်းငွေကမ်ပိန်း နဲ့ စစ်ငြိမ်းပန်း ဖောင်ဒေးရှင်း တို့ပဲဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူ ၁၀၀ ဦး သေဆုံးခဲ့

နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် ၁၀၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီး-မူး ကားလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်း၊ ဒုတပ်ရင်းမှူးအပါ ၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရကာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး-မူးကားလမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်က ဒုတပ်ရင်းမှူး အပါအဝင် (၆) ယောက် သေဆုံးပြီး (၁၆) ယောက် ခန့် ဒဏ်ရာရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ညပိုင်းမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ အရိုးပြာကို ကဝမြို့နယ် ပကဖ ဂူသွင်းပြီး အလံတစ်ဝက်ချ အလေးပြု

ပဲခူးတိုင်းအခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ရဲဘော်ဗထူးရဲ့ အရိုးပြာကို ဂူသွင်းခြင်း၊ အမိန့်ပြန်တမ်းဖတ်ကြားခြင်း၊ အလံတစ်ဝက်ချ ဂုဏ်ပြုအလေးပြုခြင်း၊ ချီတက်အလေးပြုခြင်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်တွင် စက်တပ်လေထီးရော ဂျက်ဖိုက်တာဖြင့်ပါ လေကြောင်းတိုက်ခိုက်ခံရပြီး စစ်ရှောင်ကျောင်းသူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ကျောင်းသူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Budalin Mobile Team - BMT တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ဖျာပုံထောင်တွင် ထောင်အာဏာပိုင်များက အကျဥ်းသားများကို အခန်းလူကြီးကြေး (စောင့်ရှောက်ကြေး) ဆိုပြီး ခြိမ်းခြောက် ငွေညှစ်နေ 

ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဦးတည်ဖိနှိပ်နေပြီး လာဘ်စားမှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ငဖဲ- စေတုတ္တရာ လမ်းပိုင်းက အရပ်သားကားများ တိုက်ခိုက်ခံရမှု တော်လှန်ရေးတပ်များ လုပ်ဆောင်တာမဟုတ်ကြောင်း စေတုတ္တရာ ပကဖ ထုတ်ပြန်…

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ငဖဲ-စေတုတ္တရာလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အရပ်သားကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရမှုနဲ့ ပက်သက်ပြီး စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြား အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။