မကွေးတိုင်း ၊ အောင်လံမြို့နယ်မှာ နိုင်ငံခြားအလုပ်အကိုင်ရှာဖွေရေး အေးဂျင့်အမျိုးသမီးတစ်ယောက် အသတ်ခံရတယ်လို့ အောင်လံမြို့ ဒေသတွင်းစစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ အောင်လံလူထု အဖွဲ့ဆီက သိရပါတယ်။
အသတ်ခံရသူအမျိုးသမီးဟာ ပြကြီးရွာသူဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို ဇန်နဝါရီ ၃ ရက်နေ့က ပြလို့ကျေးရွာဘုရားကိုးဆူတောင်ဘက် လမ်းကြားထဲမှာတွေ့ရှိ ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအမျိုးသမီး ဝတ်ဆင်ထားတဲ့ရွှေ ၊ ငွေတွေကတော့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
“လုယက်သတ်ဖြတ်ခံထားရတာလို့ယူဆပါတယ် ဘာလို့လည်းဆိုတော့ ဆွဲကြိုး စိန်နားကပ် လက်စွပ် ဖုန်း အဲဒါတွေပျောက်နေတယ် သူက နိုင်ငံအခြားအလုပ်အကိုင်တွေကို ရှာဖွေရေးလုပ်ပေးနေတဲ့ အေးဂျင့်တစ်ဦးပါ ”လို့ အောင်လံလူထု အဖွဲ့ တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
အသတ်ခံရသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကိုတွေ့ရှိချိန် ဦးခေါင်းနောက်စေ့ ရိုက်နှက်ခံထားရသလို နံရိုးမှာဒဏ်ရာတွေလည်း တွေ့ခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ပြလို့ရွာရဲစခန်းက ရဲသားတွေယူဆောင်ခဲ့ပြီးနောက် မိသားစုဝင်တွေက အလောင်းကိုပြန်လည်ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း ဆက်ဆူဝရွာထဲကို ကပစ (၁၅)တပ်က လက်နက် ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် မိသားစုဝင် ၄ ယောက်ပွဲချင်းပြီးသေဆုံးပြီး တစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။