ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ အတိုက်အခံခေါင်းဆောင်တွေတစ်ဦးမှ မပါဝင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို အကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အကျဉ်းသူ၊ အကျဉ်းသား ၆၀၀၀ ကျော်ကို လွှတ်ပေးခဲ့ပါတယ်။
ဇန်နဝါရီလ ၄ ရက် ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက် စစ်တပ်က ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့် ၆၁၃၄ ယောက်ကို ပေးခဲ့တာဖြစ်ပါတယ်။
အလားတူ ပြစ်မှု ၁၃ မှုကလွဲရင် တည်ဆဲဥပဒေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေးတယ်လို့ ဆိုပေမဲ့ အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံခေါင်း ဆောင်တွေကို စွပ်စွဲဖမ်းဆီးထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ အကျဉ်းချခံထားတဲ့ အမှုတွေမပါဝင်ခဲ့ပါဘူး။
ဒါ့အပြင် ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့်ပြုရာမှာ အကြမ်းဖက်တိုက်ဖျက်ရေး၊ လက်နက် ဥပဒေအမှု၊ မတရားအသင်းအက်ဥပဒေ အစရှိတဲ့ နိုင်ငံရေးပြစ်မှုနဲ့ စွပ်စွဲဖမ်းဆီးထားသူတွေ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

“စစ်ကော်မရှင်ဘက်ကနေ ဒီနေ့ အမိန့်ထုတ်ပြန်ထားတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ အမှုတွေမှအပပေါ့နော် အခြားအမှုတွေမှာဆိုရင် ၆ ဖို့ ၁ ဖို့ ပေးတယ်ဆိုပြီးတော့ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်ပေါ့နော် ပြောရမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ မပါနိုင်တဲ့ အမှုတွေပဲ ဖြစ်ပါတယ်။ ၅၀၅ (က) တွေဆိုရင်လည်း ထောင်ထဲတွေမှာ မရှိတော့ဘူးဆိုတော့ ကျွန်တော်တို့တွေ မျှော်မှန်းစရာတော့ မရှိသေးပါဘူးး အခုလက်ရှိလည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတာကို မတွေ့သေးပါဘူး” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ရောင်နီလင်းက မောင်းကို ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်လာသူ အများစုဟာ ခိုးဆိုးလုနှိုက်မှု၊ အလောင်းက စားမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အီလက်ထရောနစ်ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျသူတွေဖြစ်ကြတယ်လို့ဆိုပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်လာကြသူတွေထဲမှာ လူသိများသူတွေအဖြစ် ပြန်ကြားရေးဝန်ကြီးဟောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူဟောင်း ဦးရဲထွဋ်နဲ့ မော်ဒယ်နန်းမွေ့စံတို့သာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ နိုင်ငံအချင်းချင်းဆက်ဆံ ရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှု အတွက် နိုင်ငံခြားသား အကျဉ်းသား/ အကျဉ်းသူ ၅၂ ယောက်ကိုလည်း လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ် ပေးလိုက်တယ်လို့ ဆိုပါတယ်။
အဲ့ဒီလွတ်ငြိမ်းချမ်းသာခွင့်ရသူတွေဟာ ရာဇဝတ်မှုကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှု ကျူးလွန်ရင် အဲဒီပြစ်ဒဏ်နဲ့ ကျန်ရှိပြစ်ဒဏ် တွေပါကျခံရမှာဖြစ်ပါတယ်။
