အာရက္ခတပ်တော် (ULA/AA) က ပေးပို့တဲ့ “သူပုန်ဖြူ” ကဗျာစာအုပ်တွေကို လက်ဆောင်ရရှိတဲ့အပေါ် အထူးကျေးဇူးတင်ရှိတယ်လို့ ယောတပ်တော် (Yaw Army) က သတင်းထုတ်ပြန်လာပါတယ်။
“သူပုန်ဖြူ” ကဗျာစာအုပ်တွေကို မရောင်းချမီကတည်းက တိုက်ပွဲတွေအတွင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် လက်ဆောင်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။
အခုလို လုပ်ဆောင်တာဟာ “သူပုန်ဖြူ Team” က ကြိုတင်စီစဉ်ထားတာဖြစ်ပြီး လက်ဆောင် ပေးရတာဟာလည်း ကဗျာစာအုပ်မှာ ရေးသားထားတဲ့ စာသားတွေနဲ့ စကားလုံးတွေဟာ ရဲဘော်တွေကို စိတ်ဓာတ်ခွန်အား ရရှိအောင် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။
AA ဟာ ယောတပ်တော် (Yaw Army) သာမက ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာလည်း ခရစ္စမတ်လက်ဆောင်အဖြစ် ZUF/ PDF – Zoland ထံကို “သူပုန်ဖြူ” ကဗျာစာအုပ်တွေကို လက်ဆောင်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ယောတပ်တော်ဟာ ရခိုင်၊ ချင်းနဲ့ ယောဒေသ မြို့သိမ်းတိုက်ပွဲတွေမှာရဲဘော် ၂၂ ယောက့ ကျဆုံးကာ ၃၁ ယောက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။
အခုလို ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးလမ်းမှာ အစဉ်တစိုက် အနီးကပ်ကွပ်ကဲပြီး ထောက်ပံ့ကူညီမှုတွေကို ပေးအပ်နေတဲ့ အာရက္ခတပ်တော် (ULA/ AA) ကို အထူးပင် ကျေးဇူးတင်ဂုဏ်ပြုကြောင်းကိုလည်း ယောတပ်တော်က ဇန်နဝါရီလ ၂ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ယောတပ်တော် ထည်ထောင်ခြင်း (၂) နှစ်ပြည့် အထိန်းအမှတ် ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ ယောတပ်တော်ဟာ လက်ရှိမှာ နွေဦးတော်လှန်ရေးတပ်ပေါင်းစု (SRA) အပါအဝင် အခြားမဟာမိတ်အင်အားစုတွေနဲ့လည်း ပူးပေါင်းကာ စစ်အာဏာရှင် အမြစ်ဖြတ်ရေးနဲ့ ယောကံကြမ္မာ ယောဖန်တီးခွင့် ရရှိရေးအတွက် မမှိတ်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။