ကရင်ပြည်နယ် ဘားအံမြို့ပေါ်မှာ ကရင်နယ်ခြားစောင့်တပ် ( BGF)တပ်ဖွဲ့တွေက ပြည်သူတွေကို ဂိတ်ချစစ်ဆေးနေပြီး မြို့ပြင်ဂိတ်တွေမှာတော့ KNA တပ်ဖွဲ့တွေက လုံခြုံရေးယူထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အရင်က ဘားအံမြို့ပေါ်မှာ စစ်အုပ်စုကသာဂိတ်ချ ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း နှစ်ကုန်ပိုင်းလောက်မှာတော့ လှိုင်းဘွဲ − ဘားအံလမ်းဆုံမှာ BGFတပ်ဖွဲ့ နဲ့ စစ်အုပ်စုတို့ ပူးပေါင်းပြီး စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ဘားအံမြို့မှာသွားလာနေတာကတော့ BGF တွေကတော့ ဝါ၊ စိမ်း၊ နီ ကပ်ထားတာကြီးပဲ၊ KNA တော့မတွေ့သေးဘူး ဘားအံမြို့ပေါ်မှာ၊ အရင်ကတော့ လမ်းဂွမှာစစ်တပ်ပဲရှိတယ်၊ အခုတော့ အဖွဲ့အစည်းတွေရောပေါင်းပြီးတော့ သူတို့စစ်ကြတယ် ” လို့ ဘားအံမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
အဲ့ဒီ ဂိတ်ကနေ စစ်အုပ်စု နဲ့ BGF ပူးပေါင်းတပ်ဟာ ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ကားတွေကို အဓိက စစ်ဆေးတာဖြစ်ပြီး ၊ ကားပေါ်မှာပါလာတဲ့ ထိုင်းနိုင်ငံထုတ်ကုန်တွေကို သိမ်းဆည်းတာမျိုးတွေ ၊ ယာဉ်မောင်းကိုထောင်ချတာမျိုးတွေ ပြုလုပ်နေသလို ဆိုင်ကယ်တွေကိုလည်း ဘောက်ဖွင့်စစ် ဆေးတာ မျိုးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့မှာတော့ မြဝတီ တပ်နယ် ၂ က ဗိုလ်တင်ဝင်း နဲ့ တပ်နယ် ၃ က ဗိုလ်ချစ်သူတို့အုပ်စုက KNA ဆိုပြီးပြောင်းလိုက်က၊ ဘားအံ နဲ့ လှိုင်းဘွဲဘက်က တပ်နယ် (၁)က ဗိုလ်မှူး သိန်းဇော်မင်း၊ ဗိုလ်ကြာအင်း နဲ့ တပ်နယ် (၄) က ဗိုလ်မုတ်တုန်တို့ကတော့ BGF အဖြစ်ဆက်ရှိတယ်လို့ BGF သတင်းအရင်းမြစ်တစ်ယောက်က မောင်းကိုပြောပါတယ်။
“အဖွဲ့က ၂ ဖွဲ့ကွဲနေတယ် အထက်ဘက် တပ်နယ် ၂ ဗိုလ်တင်ဝင်း နဲ့ တပ်နယ် ၃ ဗိုလ်ချစ်သူတို့အုပ်စုတွေက KNA ပြောင်းလိုက်ပြီး၊ အောက်ဘက်က ဘားအံ နဲ့ လှိုင်းဘွဲဘက်မှာက တပ်နယ် (၁) နဲ့ တပ်နယ် (၄) က BGF ပဲ ဆက်ရှိနေတယ် ဗိုလ်မုတ်တုန်၊ သိန်းဇော်မင်း၊ ဗိုလ်ကြာအင်းတို့က BGF အဖြစ်ပဲဆက်ရှိနေတယ် အခုဖြစ်နေတာက မြို့ထဲမှာ BGF ကရှိနေတယ် မြို့ပြင်လမ်းပိုင်းတွေမှာက KNA က အင်အားပြပြီးတော့ဝိုင်းထားတဲ့သဘောမျိုးရှိနေတယ်” လို့ သူကဆိုပါတယ်။
ဘားအံမြို့ပြင်ကနေ မြဝတီအထိ KNA တပ်ဖွဲ့တွေက လုံခြုံရေးကင်းချထားပြီး စစ်ဆေးမှုများပြုလုပ်နေတာမျိုးတွေရှိတယ်လို့လည်းသိရပါတယ်။
အခုလက်ရှိ ဘားအံမြို့ပေါ်မှာတော့ စစ်အုပ်စု နဲ့ BGF ပူးပေါင်းတပ်ဖွဲ့တွေကပြည်သူတွေကို စစ်ဆေးတာပိုလုပ်လာတဲ့အပြင် ပေါတာဆွဲဖမ်းဆီးတာမျိုးတွေလည်းပြုလုပ်လာတယ်လို့ ဆိုပါတယ်။
KNA တပ်ဖွဲ့ဝင်များ