၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီညီ ဆင်နွှဲခဲ့တဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဦးဆောင်တဲ့ တော်လှန်ရေးတပ်များ သိမ်းပိုက်စိုးမိုးထားနိုင်ခဲ့တဲ့ နယ်မြေတွေကနေ ဆုတ်ခွာပေးခဲ့ရတဲ့အပေါ် တောင်းပန်ကြောင်းနဲ့ အဆိုပါဆုံးရှုံးနယ်မြေများကို ပြန်လည်သိမ်းပိုက်သွားမှာဖြစ်ကြောင်း MDY-PDF က ဒီကနေ့ အသိပေးထုတ်ပြန်လာပါတယ်။
MDY-PDF ဟာ ၎င်းတို့သိမ်းပိုက်ရရှိထားတဲ့ ဒေသတွေဖြစ်တဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်း၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်အတွင်းက နယ်မြေအချို့ကို ၁၈လကျော်ကြာ ခုခံကာကွယ်ခဲ့ပေမယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ မြေပြင်၊ ရေပြင်နဲ့ လေကြောင်း သာလွန်အင်အား ထိုးစစ်တွေကြောင့် ခေတ္တယာယီ လက်လွတ်ပေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို နယ်မြေတွေကို ပြန်လည်လက်လွှတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေကို အနူးအညွတ် တောင်းပန်ကြောင်း MDY-PDF က ထုတ်ပြန်ထားပါတယ်။ ၄င်းတို့အနေနဲ့ အဆိုပါဒေသတွေကို သိမ်းပိုက်ဖို့နဲ့ခုခံဖို့အတွက် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြတဲ့ ရာပေါင်းများစွာသော တော်လှန်ရေးစစ်သည်တွေကိုလည်း အထူးဦးညွှတ်ဂုဏ်ပြုကြောင်းနဲ့မှတ်တမ်းတင်ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို ဆုတ်ခွာရတာဟာလည်း စစ်ဗျူဟာအရ စစ်ဦးကျွံနေတာတွေ၊ လေကြောင်းကနေ အလွန်အကျွံတိုက်ခိုက်ခံရတာတွေ၊ ခဲယမ်းမီးကျောက် လိုအပ်ချက်ရှိလာတာတွေအပြင် ရဲဘော်တွေ အနားမရပဲ စစ်ပန်းလာတာတွေကြောင့် ခွါစစ်ဆင်ကာ ယာယီဆုတ်ခွါခဲ့ရတာ ဖြစ်တယ်လို့ MDY-PDF က ဆိုပါတယ်။
“လက်လွတ်ခဲ့ရသော နယ်မြေများကို မဟာမိတ်ညီနောင်များနှင့် ပူးပေါင်းကာ ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုထံသို့ လေးနက်စွာ ကတိသစ္စာပြုအပ်ပါသည်” လို့ MDY-PDF က ဆိုထားပါတယ်။
MDY-PDF အနေနဲ့ အဆိုပါနယ်မြေတွေကို ထိန်းချုပ်ထားစဉ်အတွင်း အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ညီနောင်တော်လှန်ရေးအင်အားစုများနဲ့ ပူးပေါင်းကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မူဝါဒနဲ့ လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာဖော်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေအတွင်း ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ဖို့ အတွက်လည်း တတ်စွမ်းသမျှ ဆက်လက်ကူညီသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် MDY-PDF အနေနဲ့ လက်လွတ်ခဲ့ရတဲ့ နယ်မြေတွေကို မဟာမိတ်တွေနဲ့ ပူးပေါင်းကာ ပြန်လည်သိမ်းပိုက်နိုင်ရေးကို အားယူပြင်ဆင်သွားမှာဖြစ်ကြောင်းနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့မှာ မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတာကို ပြည်သူလူထုထံ လေးနက်စွာ ကတိသစ္စာပြုကြောင်း အသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။