အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအပိုင်း ၁ မှာ ပြည်သူ ၅၂ ရာခိုင်နှုန်းကျော် မဲပေးခဲ့တယ်လို့ စစ်ကော်မရှင်က ခပ်တည်တည်ဆိုနေပေမဲ့၊ လက်တွေ့မှာတော့ အဆိုပါရာခိုင်နှုန်းကို မပြည့်မီသလို၊ ပြည်သူအများစုဟာလည်း ဖိအားနဲ့ ခြိမ်းခြောက်ခံရတာတွေကြောင့် မဲပေးခဲ့ကြရတယ်လို့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ မီဒီယာတွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ထောက်ပြပြောဆိုခဲ့ကြပါတယ်။ 

စစ်ကောက်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲအပိုင်း ၁ မှာ မဲပေးခွင့်ရှိသူ ၁၁ သန်းကျော်ရှိတဲ့အထဲ ခြောက်သန်းကျော် မဲပေးခဲ့လို့  ၅၂ ရာခိုင်နှုန်းကျော် အောင်မြင်တဲ့ ပြည်သူ့အောင်ပွဲဆိုပြီး အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆိုနေတာကို စောင့်ကြည့်သူတွေက အခုလို ဝေဖန်ထောက်ပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

တကယ်တော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်သလို မဲဆန္ဒရှင် ပြည်သူတွေကလည်း အကြောက်တရားနဲ့ ဖိအားပေးမှုကြောင့် မဲပေးခဲ့ကြရတာများတယ်လို့ စောင့်ကြည့်သူတွေက ဆိုထားပါတယ်။

ရွေးကောက်ပွဲ မဲပေးမှုနဲ့  ရေတွက်မှု လုပ်ငန်းစဥ်တွေကို နိုင်ငံရေးပါတီများပင် သေချာစောင့်ကြည့်ခွင့် မရဘဲ ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၁ မှာ မြို့နယ် ၁၀၂ မြို့နယ်ပါဝင်ခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူ ၁၁,၆၉၂,၁၄၄ ယောက်ရှိတဲ့အထဲ ၆,၀၉၅,၅၁၁ ယောက် လာရောက်မဲပေးခဲ့တာကြောင့် မဲပေးတဲ့ ရာခိုင်နှုန်း ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိတယ်လို့ စစ်ကော်မရှင် ဝါဒဖြန့်ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ခပ်တည်တည် ထုတ်ဖော်ပြောဆိုထားတာပါ။ 

ဒါ့အပြင် မဲပေးခဲ့တဲ့ပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို အပြည့်အဝအသုံးချလိုက်တဲ့ ပြည်သူအောင်ပွဲဖြစ်တယ်လို့လည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်း‌အောင်လှိုင်က စစ်ကော်မရှင် ဝါဒဖြန့် မီဒီယာတစ်ခုဖြစ်တဲ့ ပေါ်ပြူလာနယူးစ်သတင်းဌာနရဲ့ အင်တာဗျူးမှာ ဖြေကြားထားခဲ့ပါသေးတယ်။ 

ဒါပေမဲ့ ရွေးကောက်ပွဲအကြိုကာလ ကြိုတင်မဲစာရင်းကောက်ခံမှုအပါအဝင် စည်းရုံးရေးကာလနဲ့ ရွေးကောက်ပွဲ ကာလမဲပေးမှုတွေမှာ စစ်ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ရှိမနေခဲ့ဘူးလို့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီဝင်တချို့အပါအဝင် ကိုယ်စားလှယ်လောင်းတချို့က ပြောဆိုထားပါတယ်။ 

ရွေးကောက်ပွဲအကြိုကာလ ကြိုတင်မဲစာရင်းတွေနဲ့ ကြိုတင်မဲ‌ပေးမှုရလဒ်တွေဟာ ရှင်းလင်းပြတ်သားမှုမရှိသလို ကြိုတင်မဲပေးခွင့်ရှိသူအရေအတွက်ကလည်း မူလစာရင်းထက် ပိုမိုနေခဲ့တယ်လို့ ကိုယ်စားလှယ်လောင်းတချို့က ထောက်ပြပြောဆိုပါတယ်။ 

အလားတူ  စစ်ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ လာရောက်မဲပေးသူအရေအတွက်ဟာ အစိုးရဝန်ထမ်းတွေ၊ ပြည်တွင်း နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်နေကြရသူတွေ၊ ဧည့်စာရင်းနဲ့နေထိုင်နေကြရသူတွေ၊ ဖိအားပေးခံရသူတွေ အများစု ဖြစ်ကြတယ်လို့ လေ့လာစောင့်ကြည့်သူတချို့က ဆိုပါတယ်။ 

ရခိုင်ပြည်နယ် အပါအဝင် မြန်မာပြည်အလယ်ပိုင်းအညာဒေသ တိုက်ပွဲတွေကြောင့် ဘေးလွတ်ကင်းရာ မြို့ပေါ်ကို နေရပ်စွန့်ခွာတိမ်းရှောင်လာကြပြီး ဧည့်စာရင်းနဲ့ နေထိုင်နေကြရတဲ့ မိသားစုအများစုဟာ စစ်ကော်မရှင်ရဲ့ ခြိမ်းခြောက်ဖိအားပေးမှုနဲ့ စိုးရိမ်ထိတ်လန့်မှုကြောင့် ရွေးကောက်ပွဲမှာ ပါဝင်မဲပေးခဲ့ကြရတာလို့ လေ့လာစောင့် ကြည့်သူတချို့က ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် အစိုးရ ဝန်ထမ်းတွေ၊ မိသားစုတွေလည်း မဲပေးဖို့အတွက် ဖိအားပေးခံခဲ့ရပြီး မဲပေးခဲ့တဲ့ပါတီကိုပါ ပြန်လည်တင်ပြဖို့ စေခိုင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေ ရှိနေတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ သူတို့ကိုယ်တိုင် ပြုလုပ်တဲ့ လက်ရှိရွေးကောက်ပွဲအတုမှာတော့ မဲစာရင်း ၃ကြိမ် ထွက်ရာမှာ တစ်ကြိမ်နဲ့တစ်ကြိမ် နံပါတ်မတူလို့ ပြန်ရှာနေရတာတွေရှိသလို ဒုတိယအကြိမ်မှာ မဲစာရင်းပါပြီး နောက်ဆုံးအကြိမ်မှာ ပါမလာတာမျိုးတွေ ဖြစ်တဲ့အထိ ကမောက်ကမဖြစ်မှု နဲ့ မှားယွင်းမှုတွေ ရှိခဲ့တယ်လို့ ကိုယ်စားလှယ်တချို့က ဆိုပါတယ်။ ဒါ့အပြင် မဲပေးနေချိန်အတွင်း မဲရေစက်တွေ တပြိုင်နက် ပျက်သွားတာ အပါအဝင် မသင်္ကာဖွယ်ရာ ဖြစ်စဥ်တွေကလည်း ဒုနဲ့ဒေးပါ။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ သတင်းရယူခဲ့တဲ့ နိုင်ငံတကာ မီဒီယာတချို့ရဲ့ သတင်းတွေအရလည်း ရွေးကောက်ပွဲမဲပေးမှုဟာ  တက်ကြွမှုမရှိသလို ၂၀၂၀ ပြည့်နှစ် ကာလနဲ့နှိုင်းယှဉ်ရင်လည်း အလွန်နည်းပါးတယ်လို့ ဆိုပါတယ်။ ၂၀၂၀ ခုနှစ်နဲ့ယှဥ်ရင် ပြည်သူမဲပေးမှု နည်းပါးတာကို ကျော်မျိုးမင်းလို စစ်တပ်လော်ဘီများကပင် ဝန်ခံခဲ့ရပါတယ်။  မဲပေးသူအများစုဟာလည်း ဖိအားနဲ့ ခြိမ်းခြောက်မှုကြောင့်သာ မဲရုံကို လာရောက်ကြရတာများပြီး၊ မြေပြင်အချက်အလက်တွေအရလည်း ၅၀ ရာခိုင်နှုန်းထက် များစွာနည်းတဲ့ ပမာဏကသာ သွားရောက်မဲပေးကြတယ် ဆိုတာကို ညွှန်ပြနေပါတယ်။

0 Shares:
You May Also Like
Read More

ပတ်စ်ပို့အမြန်လိုချင်လျှင် ငွေကျပ် ၅ သိန်းကျော်ပေးရမည်ဟု စစ်ကော်မရှင် ထုတ်ပြန်

အရေးကြီး၊ အရေးပေါ်ကိစ္စတွေနဲ့ ပြည်ပထွက်ခွာလို့သူတွေအတွက် နိုင်ငံကူးလက်မှတ်ကို ငွေကျပ် ၅၄၅၀၀၀ ပေးပါက စောင့်ဆိုင်းဖို့မလိုတဲ့ အမြန် ဝန်ဆောင်မှုပေးသွားမယ်လို့ စစ်ကော်မရှင်လက်အောက်ခံနိုင်ငံကူးလက် မှတ်ထုတ် ပေး‌ရေးရုံးက ဇန်နဝါရီလ ၁ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့ ကပစ (၂၄) ကို ဦးတည်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများ ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ​မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားအား ဝေဖန်သည့်ပို့စ်များအပေါ် ထောက်ခံသည်ဆိုကာ စစ်အုပ်စုက ဒါရိုက်တာ ၂ဦးအား ထပ်မံဖမ်းဆီး

အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားနဲ့ ပတ်သက်တော်လှန်ရေးအင်အားစုတွေရဲ့ ဝေဖန်ပြောဆိုမှုအပေါ် လူမှုကွန်ရက်ကတဆင့် ထောက်ခံအားပေးတယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်တွင်းက ဒါရိုက်တာ၂ယောက်ကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်ဟာ ၄င်းတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ဇာတ်လမ်းတွေကိုလည်း ဆက်တိုက်ရိုက်ကူး ထုတ်လွှင့်လာနေတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရိုက်ကူးတဲ့ "ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" အမည်ရ အတုယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်း ထွက်ရှိလာပြီးတဲ့နောက် ဇာတ်လမ်းထဲ ပါဝင်တဲ့သရုပ်ဆောင်တွေအပေါ် တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေနဲ့ တော်လှန်အနုပညာရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
Read More

လက်ပံတန်းမြို့နယ်ကို စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲလို့ နေအိမ်ပေါ် တည့်တည့်ကျပြီး ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေတပ်ဖွဲ့ထံက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အလွန်အကျွံ အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင်နဲ့ မျက်ချီးနုကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်က သူ့လက်ထက်မှာ စီးပွားရေးတိုးတက်နေတယ်လို့ ကြွေးကြော်ခဲ့ပေမယ့် နိုင်ငံခြားငွေ မရရှိလို့ အခက်အခဲဖြစ်နေကြောင်း ဝန်ခံပြောဆို

စစ်ကောင်စီမှာ နိုင်ငံခြားငွေ အခက်အခဲဖြစ်နေမှုကို မင်းအောင်လှိုင်က ၀န်ခံပြောဆိုလိုက်ပြီး ပြည်ပရောက် မြန်မာတွေထံက နိုင်ငံခြားငွေမရရှိခြင်းက အဓိက ကျနေတယ်လို့ ပြောဆိုပြန်ပါတယ်။