စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကျောင်းတစ်ခုက Grade 12 ကျောင်းသူ ၁ ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ Indaw Revolution-IR တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ဒီနေ့ဇန်နဝါရီလ (၂) ရက်၊ နေ့ မနက်အစောပိုင်းမှာ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ပဲခူးရွာမှာရှိတဲ့ စာသင်ကျောင်းပေါ်ကို စစ်အုပ်စုရဲ့ တံတားဦးလေဆိပ်ကတက်လာတဲ့ ဂျက်ဖိုက်တာက ဗုံး၂ လုံး ကြဲချသွားခဲ့တာလို့သိရပါတယ်။
“တိုက်ပွဲလည်းမရှိပဲကြဲတာပါ။ NUG ဖွင့်ထားတဲ့ ကျောင်းပါ။ကျောင်းဆောင်ပျက်စီးတယ်။ ကျောင်းသူ၁ယောက်သေတယ်။ ၂ယောက်ဒဏ်ရာရတယ်။” လို့ Indaw Revolution-IR တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ(NUG) ရဲ့ ကျောင်းထိခိုက်ပျက်စီးပြီး ပညာသင်ကြားနေတဲ့ Grade 12 ကျောင်းသူ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ ပင်လည်ဘူး၊ ဗန်းမောက်၊ မော်လူး၊ ခမ်းပတ်နဲ့ အင်းတော်မြို့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ်တွေထဲသိမ်းပိုက်ထားတာဖြစ်ပါတယ်။
လက်ရှိမှာ အင်းတော်နဲ့ ထိစပ်နေတဲ့ ကသာမြို့ပေါ်မှာလည်း KIA နဲ့ PDF ပူးပေါင်းတပ်တွေကစစ်အုပ်စု စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် စစ်တပ်ကလေကြောင်းအဆက်မပြတ်တိုက်ခိုက်နေပါတယ်။
ဒီအတွက် ထောင်နဲ့ချီတဲ့ အရပ်သားတွေဘေးလွတ်ရာတိမ်းရှောင်နေရပြီး ကသာ-အင်းတော်လမ်းကနေ အင်းတော်မြို့နယ်ထဲကိုလည်း ရောက်ရှိနေတာတွေရှိနေတယ်လို့သိရပါတယ်။

