အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာ နဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုကာလ ၁ လကျော်ကြာသွားပြီးဖြစ်တဲ့အတွက် NUG အစိုးရအနေနဲ့ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာပေးဖို့ Queer အဖွဲ့အစည်းများက တိုက်တွန်းလိုက်ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေရဲ့ လုပ်ငန်းစဉ်အခြေအနေတွေ၊ အချိန်ဇယားတွေကို အများပြည်သူသိအောင် ပုံမှန်ထုတ်ပြန်ကြေညာပေးဖို့လည်းတိုက်တွန်းထားပါတယ်။
“အခုချိန်မှာ NUG ဟာ တော်လှန်ရေးအာဏာကိုယူထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ကျွန်တော်တို့ တွေက တိုက်တွန်းနှိုးဆော်တာတွေကိုပဲ ပြုလုပ်နိုင်ပါတယ် ကျွန်တော်တို့ရဲ့ တိုက်တွန်းနှိုးဆော်မှုတွေကို ဂရုမစိုက်ဘူးဆိုရင်လည်း ကျွန်တော်တို့က ဒီထက်ပိုမိုဖိအားပေးနိုင်တဲ့ တိုက်တွန်းနှိုးဆော်မှုတွေကိုပဲ ဆက်လက်လုပ်ဆောင်သွားပါ့မယ်” လို့ တက်ကြွလှုပ်ရှားနေတဲ့ LGBTQ+ လူငယ်တစ်ယောက်က မောင်း ကိုပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားမျှတမှုကို အမြန်ဆုံး ဖော်ဆောင်ပေးဖို့ ၊ နွေဦးတော်လှန်ရေးမှာ အာဏာရှင်စနစ်ပျက်သုန်းရေးအတွက် Queer အဖွဲ့အစည်းတွေက တိုက်တွန်းနှိုးဆော်လိုက်တယ်လို့ ဆိုပါတယ်။
NUG တော်လှန်အစိုးရအနေဖြင့် တိုင်ကြားသူများ နဲ့ သက်သေများအားခြိမ်းခြောက်မှု ၊ ဖိအားပေးမှု နဲ့ ပြန်လည်အရေးယူမှုများ မဖြစ်ပေါ်စေရန် အာမခံချက်ကို တရားဝင်ထုတ်ပြန်ပေးခြင်း ၊ စုံစမ်းစစ်ဆေး ရေးအဖွဲ့အတွင်း NUG အစိုးရ အဖွဲ့ဝင်များအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ လွတ်လပ်တဲ့ ပညာရှင်များကိုပါ ပါဝင်စေလိုပြီး လူထုယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးရေးစနစ်တစ်ရပ်အဖြစ် ဖော်ဆောင်ပေးစေလိုတယ်လို့ဆိုပါတယ်။
မကြည်ပြာ ရဲ့ စုံစမ်းစစ်ဆေးမှုကို NUG တော်လှန်ရေးအစိုးရအနေနဲ့ အခုချိန်ထိ ထုတ်ပြန်ခြင်းမရှိ တာဟာ အမှုကိုအချိန်ဆွဲနေကြောင်းထင်မိတယ်လို့သူကဆိုပါတယ်။
ဒါ့အပြင် ယခုလို ကတိကဝတ် ပျက် ကွက်မှုတွေက NUG အပေါ်မှာထားတဲ့ လူထုရဲ့ ယုံကြည်မှုတွေကို ပိုမိုပျက်ပြားစေနိုင် တယ်လို့လည်းဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေပြီး အမှန်တရားအတိုင်း ဖော်ထုတ်သွားမယ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားထားပါတယ်
ဒီဇင်ဘာလ (၂၉) ရက်နေ့က NUG ရဲ့ ပြန်ကြားရေး PVTV နဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဒေါက်တာဇော်ဝေစိုးက “အရေးကြီးဆုံး နံပါတ် (၁) ကတော့ အာဏာလိုချင်လို့ ကျနော် တော်လှန်ရေးလုပ်နေတာ မဟုတ်ပါဘူး။ ကျနော်တို့တွေအားလုံး ဒီအာဏာကို အလွဲသုံးစားပြုနေတဲ့သူတွေကို တော်လှန်ဖို့အတွက် တော်လှန်ရေး လုပ်နေတာ ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။
ဒေါက်တာဇော်ဝေစိုးကတော့ အဂတိနဲ့ အမြတ်ထုတ်မှုတွေကို လုံးဝခွင့်လွှတ်မှာ မဟုတ်တဲ့ Zero Tolerance မူဝါဒနဲ့ ကိုင်တွယ်မှာဖြစ်ပြီး စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို ဝန်ကြီးချုပ်ထံ တင်ပြပြီးရင် ပြည်သူလူထုထံကထုတ်ပြန်အသိပေးသွားမယ်လို့ ပြောဆိုထားပါတယ်။
မကြာပြာ နဲ့ ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတို့ကို လူ့အခွင့်ရေးချိုးဖောက်မှု ၊ အာဏာအလွှဲသုံးစားမှု နဲ့ အဂတိလိုက်စားမှုများ ၊ လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပြုခြင်း ၊ ဝန်ထမ်း များအပေါ် နဲ့ တော်လှန်ရေးအစိုးရကိုလွှမ်းမိုးခြယ်လှယ်ခြင်းတို့ကို အရေးယူပေးဖို့အတွက် ပြီးခဲ့ နိုဝင် ဘာ ၂၂ ရက်နေ့မှာတိုင်ကြားထားတာပဲဖြစ်ပါတယ်။