ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က မဲရုံလုံခြုံရေးအတွက် ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ဒီနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လည် ၁ နာရီခွဲလောက်မှာ ဗောဓိကုန်းရွာ မဲရုံလုံခြုံရေးအတွက် ပေါင်းတလည်မြို့ကနေ ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သား ၁၅ ယောက်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကန်စုရွာအနောက်ဘက် စာသင်ကျောင်းအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲ့ဒီလိုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကော်မတပ်သား ၂ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ သေဆုံးသွားသူတွေ နဲ့ ဒဏ်ရာရသူတွေကို ကားပေါ်တင်ပြီး စစ်ကော်မရှင်တပ်ဟာ နောက်ကြောင်းပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ သတင်းကိုဖြေကြားပေးဖို့က အဆင်မပြေသေးဘူး၊ ဒီဘက်မှာလည်း ဟောင်ဝှစ်ဇာနဲ့ ပစ်နေတော့အစ်ကိုတို့ ရှောင်တိမ်းနေရတာမျိုးတွေရှိတယ်၊ ရှောင်တိမ်းပြီးအလုပ်လုပ်နေရတာမို့ကြပ်နေလို့ပါ” လို့ ၃၆၀၁တပ်ရင်း စစ်ထောက်လှန်းရေး နဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်Shadowက မောင်းကိုပြောပါတယ်။
ဒါ့အပြင် ပေါက်ခေါင်းမြို့နယ် နဲ့ ပြည်မြို့နယ်အစပ် ချောင်းကောင်းရွာက အေးဘုရားအနီးမှာ လက်နက်ကြီး တပ်ဆင်ကာအထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒီဇင်ဘာ ၂၈ ရက်နေ့ကလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။
ပဲခူးတိုင်း စစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင်တပ်ရင်း (၂)၊တပ်ခွဲ (၃) နဲ့ ပြည်ခရိုင်တပ်ရင်း (၁)၊ တပ်ခွဲ (၃) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီတိုက်ခိုက်မှုကြောင့်စစ်ကော်မရှင်တပ်သား ၄ ယောက် သေဆုံးပြီး၊ ၂ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။