ယောဒေသအတွင်းနဲ့ ကချင်စစ်မျက်နှာပြင်တွေမှာ ဂန့်ဂေါခရိုင်တပ်ရင်းတွေက အင်အား ၅၀၀ ကျော် ဖြန့်ကျက်ပြီး တာဝန်ထမ်းဆောင်နေတယ် လို့ဂန့်ဂေါခရိုင်စစ်ဌာနက ဇန်နဝါရီလ ၁ ရက် မနေ့က အသိပေးထုတ်ပြန်လာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုနဲ့ လှုပ်ရှားနေတဲ့ ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ခံတပ်ရင်းတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေ ကစလို့တာဝန်ထမ်းဆောင်နေတာလို့သိရပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်အပါအဝင် ယောဒေသ(ခေါ်) ဂန့်ဂေါခရိုင်အတွင်းက ဂန့်ဂေါ၊ ထီးလင်း၊ ကျော၊ ဆောနဲ့ လောင်းရှည် ဒေသတွေကရှေ့တန်းစစ်မြေပြင်တွေမှာအသီးသီး တာဝန်ထမ်းဆောင်နေကြတယ်လို့သိရပါတယ်။
” ၂၀၂၄ ဒီဇင်ဘာလ ကတည်းက ဒီစစ်မျက်နှာပြင်တွေမှာတာဝန်ထမ်းဆောင်နေကြတာပါ။” လို့ ဂန့်ဂေါခရိုင် စစ်ဌာနတာဝန်ရှိသူ တစ်ယောက် ကလည်းမောင်းကိုပြောပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ တပ်ရင်း နယ်မြေတွေ အလိုက် နောက်တန်း နေရာတွေက တပ်ဖွဲ့ဝင်တွေဟာလည်း တော်လှန်ရေးတာဝန်ကျေအောင် ကြိုးစားနေတယ်လို့ပြောပါတယ်။
လက်ရှိ ၂၀၂၅ ခုနှစ်ကုန်လို့ ၂၀၂၆ ခုနှစ်ရောက်ရှိလာချိန်မှာတော့ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေဘေးအန္တရာယ်ကင်းဖို့ကိုလည်း ဂန့်ဂေါခရိုင်စစ်ဌာနက ဆုတောင်းထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ကစလို့ ဂန့်ဂေါခရိုင်အတွင်း Yawland Operation (ယောမြေစစ်ဆင်ရေး) ကို ဒေသခံတပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
လေကြောင်းအန္တရယ်တွေကြားကနေ ပျူစောထီးရွာတစ်ရွာကိုလည်း သိမ်းပိုက်ရရှိထားတယ်လို့သိရပါတယ်။
ဒီစစ်ဆင်ရေးမှာတော်လှန်ရေးတပ်တွေ ဘက်ကလည်း ငါးယောက်ထက်မနည်း ထိခိုက်ကျဆုံးထားပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်ကလည်း ပြောပါတယ်။