မကွေးတိုင်း ပခုက္ကူခရိုင် လကတ ၂၀၃၆ တပ်မှ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၆ ဦး သေဆုံးပြီး သေနတ် ၈ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ပခုက္ကူခရိုင်စစ်ဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၃၀ ရက်က ပခုက္ကူခရိုင် တပ်ရင်း လကတ ၂၀၃၆ မှ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ် ၁ စီးနဲ့ အိမ်စီးကား ၁ စီးကို တော်လှန်ရေးတပ်တွေက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁၆ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကာ 79 ၁ လက်၊ MA-1 ၄ လက်၊ MA-3 ၃ လက် နှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ခရိုင်စစ်ကြောင်းမှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၂၄ ရက်ကလည်း ဆိပ်ဖြူမြို့နယ် သံဇလုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်စစ် ဆေးရေးကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်ကလည်း ပခုက္ကူခရိုင် အမှတ် (၄)၊ (၁၁)၊ (၁၉) တပ်ရင်းများမှ ဆိပ်ဖြူ မြို့နယ် ကပစ ၂၂ သို့ သွယ်တန်းထားတဲ့ လျှပ်စစ်မဟာဓာတ်အားလိုင်းတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကပစ ၂၂ အတွင်းသို့ ရော့ကတ်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Video – ပခုက္ကူခရိုင် တပ်ရင်း-၄၊ ပခုက္ကူခရိုင်အမှတ်-၁၉ တပ်ရင်း