ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ အထိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်ကြပ်တစ်ယောက်အပါအဝင် သုံး ယောက်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တပ်ရင်း 805 – Nay Pyi Taw PDF ဆီက သိရပါတယ်။
ဒီဇင်ဘာ ၃၀ ရက် မနက် ၇ နာရီလောက်မှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း အိုးမြေတူးရွာထဲမှာ အင်အား ၆၀ ဝန်းကျင် နဲ့ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေကို ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။
အခုလို သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားတွေ နဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့သိရပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တပ်သားတစ်ယောက်ကျဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဒီရွာမှာသူတို့အထိုင်ချထားတာ ၁ နှစ်ကျော်ပြီ ၊ ဒုတပ်ကြပ်ကတော့ ကတုတ်ကျင်းထဲမှာမိတာဗျ ၊ ကျန်နှစ်ယောက်ကတော့ မြစ်ကူးပြီး ထွက်ပြေးတာ ဟိုဘက်ကမ်းရောက်နေတဲ့ကိုယ့်အဖွဲ့တွေ နဲ့ တည့်တည့်တိုးမိတာဗျ ၊ ဒဏ်ရာရတဲ့ရဲဘော်တွေထဲမှာ ၉၀၁ ကတစ်ယောက်ကတော့ စိုးရိမ်ရတဲ့အနေ အထားဗျ ခုတော့ဆေးရုံရောက်ရှိသွားပါပြီ ” လို့ 805 – Nay Pyi Taw PDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုဦးက မောင်းကိုပြောပါတယ်။
လက်ရှိ အိုးမြေတူးရွာထဲမှာ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေ ထွက်ပြေးတိမ်းရှောင်ကုန်ပြီလို့ဆိုပါတယ်။ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကိုလည်း စစ်သုံ့ပန်းဥပဒေ နဲ့ အညီ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ဒဏ်ရာတွေ နဲ့ ထွက်ပြေးကုန်တာဆိုတော့ သေဆုံးတာကို တော့မပြောတတ်ဘူးဗျ ၊ အဲ့ရွာက အကုန်ခွေးတွေထွက်ပြေးကုန်ပြီဗျ ၊ ဖမ်းမိထားတဲ့သူတွေကို MOD ရဲ့လမ်းညွန်ချက် စစ်သုံ့ပန်း ဥပဒေ နဲ့ အညီ ဆက်လက်ဆောင်ရွက်သွားပါမယ်” လို့ ရဲဘော်ကိုဦးက ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စု ရဲ့ အထိုင်စခန်း ၊ ရွာထဲက ကင်းစခန်းတွေအားလုံးကိုလည်း အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုုပ်စုတပ်သားတွေဆီက 60မမ (၁) လက်၊MA -13 (၁) လက်၊ RPGသီး (၆) လုံး၊ ပို့ယမ်း (၉) ခု၊ MA -13 ဘောက် (၃) ဘောက်၊ 9mm ကျည်အချို့၊ 60 သီး (၂) လုံး၊ 5.56 ကျည်အချို့၊ ရှေ့ထွက်မိုင်း (၅) လုံး၊ စစ်သုံးပစ္စည်းအချို့၊ ဆိုလာနှင့် ဘတ္ထရီ များ သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။
ဒီတိုက်ခိုက်မှုကို အမှတ် (၈၀၅) ၊ ထနောင်းစစ်ကြောင်း၊ အမှတ် (၉၀၁) တပ်ရင်း၊ နေပြည်တော် PDF နဲ့ သံတောင်မြောက်ပိုင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ်။
လက်ရှိအချိန်မှာလည်း အကြမ်းဖက်စစ်အုပ်စုတပ်သားတွေက စစ်ကူအင်အားအများအပြား နဲ့ ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာနိုင်တယ်လို့သိရပါတယ်။
ဒါကြောင့်စစ်တောင်းမြစ်ကမ်းဝန်းကျင် ကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေဟာစစ်ရေးသတိနဲ့ နေထိုင်သွားလာကြဖို့ကိုလည်း 805 – Nay Pyi Taw PDF က အသိပေးထားပါတယ်။