မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုက အဆင့်ဆင့်ခွဲပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အလျင်စလို အသိအမှတ်ပြုတာမျိုး၊ တရားဝင်မှု ပေးအပ်တာမျိုးကို ရှောင်ကြဉ်ကြဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က သတိပေးပြောကြားလိုက်ပါတယ်။
မလေးရှားဝန်ကြီးချုပ်က အဆိုပါ သတင်းစကားကို ဒီဇင်ဘာ ၃၀ ရက် မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“အခြေအနေတွေကို သုံးသပ်တဲ့အခါ အလောတကြီး မဟုတ်ဘဲ အစီအစဉ်တကျ လုပ်ဆောင်သွားမှာပါ။ အကြမ်းဖက်မှုတွေ လျှော့ချနိုင်မှု၊ စိတ်ဝမ်းကွဲမှု ပိုမိုဆိုးရွားစေမယ့် လုပ်ရပ်တွေကို ရှောင်မှု၊ အချိန်မတန်ခင် (ရွေးကောက်ပွဲကို) အသိအမှတ်ပြု တရားဝင်ဖြစ်စေတာမျိုး မလုပ်တာမျိုးတွေ ပါဝင်ပြီး ယုံကြည်စိတ်ချရတဲ့ ရှေ့ဆက်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာဖို့ကိုပဲ အဓိကထားပြီး အကဲဖြတ် စောင့်ကြည့်သွားမှာပါ” လို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဆိုပါတယ်။
စစ်အုပ်စုဟာ နိုင်ငံတဝန်း ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ကြားက ရွေးကောက်ပွဲကို (၃) ပိုင်းခွဲကာ ကျင်းပနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမအဆင့်အဖြစ် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ကျန်ရှိနေတဲ့ မြို့နယ်တွေကို လာမယ့် ၂၀၂၆ ဇန်နဝါရီလအတွင်းမှာ ဆက်လက်ကျင်းပဖို့ အာဏာသိမ်းစစ်ကော်မရှင်က စီစဉ်ထားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက လက်ရှိ စစ်တပ်ရဲ့ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ ကြိုးပမ်းတဲ့ “အတုအယောင်” မျှသာဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြပါတယ်။
အာဆီယံက ရွေးကောက်ပွဲကို ဂရုတစိုက် စောင့်ကြည့်ကြောင်း ပြောဆိုနေချိန် တဖက်မှာလည်း စစ်တပ်ရဲ့ မိတ်ဖက် တရုတ်အစိုးရကတော့ မြန်မာ့ရွေးကောက်ပွဲ ပထမပိုင်းဟာ အေးချမ်းစွာ ပြီးမြောက်အောင်မြင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အာဆီယံအနေနဲ့ ၂၀၂၁ ခုနှစ်က ချမှတ်ထားတဲ့ “ဘုံသဘောတူညီချက် ၅ ချက်” ကို လိုက်နာဖို့လည်း အခုချိန်ထိ စစ်အုပ်စုကို တိုက်တွန်းနေရဆဲဖြစ်ပါတယ်။