ထိုင်းအနေနဲ့ အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးကို လေ့လာစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းဘုရင့်သံရုံးကနေ မြန်မာနိုင်ငံ မြို့နယ် ၄ ခုက မဲရုံပေါင်း ၅၀ ခန့်မှာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ဖို့ သူတို့ရဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဝန်ထမ်းတွေ စေလွှတ်သွားမယ်လို့ ထိုင်းအဆင့်မြင့် သံတမန်တယောက်က ပြောခဲ့တာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒေ့ ဘလန်ကူရာ က ရန်ကုန်၊ ပဲခူး၊ ပုသိမ်နဲ့ တာချီလိတ်မြို့နယ် ၄ ခုက ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာဖို့ သံရုံးကို ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း ပြောကြားခဲ့ပါတယ်။
“သူတို့တွေအနေနဲ့ မြန်မာ့ရွေးကောက်ပွဲရဲ့ အပိုင်း ၂ နဲ့ အပိုင်း ၃ တွေမှာလည်း လေ့လာစောင့်ကြည့်သူတွေအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ မစ္စတာ နီကွန်ဒေ့က ဆိုပါတယ်။
“ကျနော်တို့ဟာ ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေ အထူးသဖြင့် နှစ်နိုင်ငံပြည်သူတွေအတွက် အကျိုးရှိစေမယ့် ငြိမ်းချမ်းရေးနဲ့ အပြန်အလှန်အကျိုးစီးပွားတွေကို မြှင့်တင်ပေးမယ့် ကိစ္စရပ်တွေမှာ မြန်မာနိုင်ငံနဲ့အတူ အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်သွားဖို့ ကတိပြုထားပါတယ်” လို့ သူက ပြောခဲ့တာပါ။
မြန်မာစစ်အုပ်စုဟာ ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၁၁ ရက်နဲ့ ၂၅ ရက်တွေမှာ ဆက်လက်ပြုလုပ်သွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံအစိုးရတချို့က လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အားလုံးပါဝင်မှု မရှိတဲ့ ဒီရွေးကောက်ပွဲကို အတုအယောင် ဟန်ပြအဖြစ် ဆန့်ကျင်ရှုံ့ချထားကြပါတယ်။
အာဆီယံကတော့ ရွေးကောက်ပွဲထက် ပဋိပက္ခပြေငြိမ်းရေးနဲ့ သက်ဆိုင်သူတွေအကြား နိုင်ငံရေးအရ တွေ့ဆုံမှုပြုပြီးမှ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြောဆိုထားပြီး အစုအဖွဲ့အနေနဲ့ လေ့လာစောင့်ကြည့်သူ စေလွှတ်ခြင်းမရှိပေမယ့် သက်ဆိုင်ရာနိုင်ငံအလိုက် နှစ်နိုင်ငံသဘောတူညီချက်တွေအရ လေ့လာသူစေလွှတ်ချင်ရင် စေလွှတ်နိုင်ကြောင်း ဆုံးဖြတ်ထားပါတယ်။
မူရင်းသတင်း – Embassy to observe election