အကြမ်းဖက်စစ်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲအကြို မြေပြန့်ဒေသ နယ်မြေစိုးမိုးရေးအဖြစ် အင်ပြည့်အားပြည့်နဲ့ စစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းအင်အားတွေကို အဓိက အသုံးချလာကြောင်း၊ သင်တန်းကာလနဲ့ သင်တန်းကျောင်းတွေကိုလည်း အရင်ထက်ပိုပြီး တိုးချဲ့ဖွင့်လှစ်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ  ကိုနောင်ရိုးက မောင်းကို ပြောပါတယ်။

ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၅ နှစ်လယ်ပိုင်းကာလတွေမှာ အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ စစ်အင်အားချိ့နဲ့မှုကို ကုစားဖို့ နိုင်ငံတဝှမ်း နည်းလမ်းမျိုးစုံနဲ့ စစ်မှုထမ်းအင်အားတွေကို ဖြည့်တင်းခဲ့ပြီး ရရှိလာတဲ့ ပစ (စစ်မှုထမ်း) အင်အားတွေကို သုံးကာ သူတို့အရေးနိမ့်နေတဲ့ ရှမ်းမြောက်အပါအဝင် ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီနဲ့ စစ်ကိုင်းစစ်မျက်နှာတွေမှာ အင်အားဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုအနေနဲ့ ရက်တိုသင်တန်းတွေပေးပြီး စေလွှတ်ထားတဲ့ ပြည်သူ့စစ် ခေါ် စစ်မှုထမ်းအင်အားတွေကို ရှေ့တန်းစစ်မြေပြင်အတွင်း တော်လှန်ရေးတပ်တွေနဲ့ တိုက်ခိုက်ရာမှာ လူသားဒိုင်းပုံစံ အသုံးချခဲ့ပြီး ပြည်သူကို ပြည်သူနဲ့ ပြန်တိုက်တဲ့ ချွေစစ်ပုံစံမျိုးတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ၂၀၂၅ နှစ်ကုန်ပိုင်းကာလတွေမှာတော့ အဲ့ဒီ စစ်မှုထမ်းအင်အားတွေနဲ့ပဲ စစ်ရေးအရအသာစီးရယူနိုင်တဲ့အထိ စစ်အုပ်စုက အမြတ်ထုတ်နိုင်ခဲ့ပြီး ခုခံစစ်ကနေ ထိုးစစ်၊ နယ်မြေရှင်းလင်းရေးတွေအထိပါ အင်ပြည့်အားပြည့် လုပ်ဆောင်လာနေပြီဖြစ်တယ်လို့ ကိုနောင်ရိုးက ပြောပါတယ်။

“ပစတွေကို ခြေလျင်တိုက်ခိုက်ရေးကို ပို့ပြီး ရှေ့တန်းမှာအသုံးချတယ်။ ၂၀၂၄နှစ်ကုန်ပိုင်းကနေ ၂၀၂၅ ခုနှစ်အထိတော့ ပစတွေကို ရှေ့တန်းမှာ လူသားဒိုင်း လူသားလှိုင်းပုံစံနဲ့ အသုံးပြုခံရတယ်။ ပြည်သူကို ပြည်သူနဲ့ပြန်တိုက်တဲ့ ချွေစစ်ပုံစံမျိုးမှာ အသုံးချခံခဲ့ကြရတယ်။ အခုကျ တန်ပြန်ထိုးစစ်တွေအပြင် ရွေးကောက်ပွဲကာလ နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေးတွေမှာ အင်ပြည့်အားပြည့်နဲ့ အသုံးချခံလာရတယ် ” လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက မောင်းကိုပြောပါတယ်။

“အရင်ကဆို မြေပြန့်ဒေသစစ်ကြောင်းဆို အင်အား ၁၀၀ ဝန်းကျင်လောက်ပဲရှိရာက အခုဆို အင်အား ၂၅၀၊ ၃၀၀ လောက်အထိ သုံးပြီး စစ်ကြောင်းတွေ ထိုးလာတယ်ပေါ့။ ဒီလိုစစ်ကြောင်းတွေမှာ ပစတွေက ၇၅ရာခိုင်နူန်းကနေ ၈၀ အထိ ပါလာပါတယ်။ ခုခံစစ်ကနေ အခုဆို ထိုးစစ်တွေပါလုပ်နိုင်တဲ့အထိ စစ်မှုထမ်း ပစတွေရဲ့အားက သူတို့အတွက် အမြတ်ထွက်ခဲ့တယ်။ တန်ပြန်ထိုးစစ်၊ ခုခံစစ်၊ နယ်မြေထိုးစစ်လို လူအင်အားအသုံးပြုရတဲ့ နေရာတွေမှာ ပစအင်အားတွေကို အသုံးချခဲ့တယ်။ နိုင်ငံအနှံ့ စစ်ဆင်ရေးတွေ၊ ခုခံစစ်ကနေ ထိုးစစ်အထိကိုလည်း ပစတွေကို အသုံးပြုလာတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ စစ်မှုထမ်းအပတ်စဥ် ၁၄ ကစလို့ သင်တန်းကာလကို ၁၃ပတ်အထိ ထပ်တိုးမြှင့်လိုက်သလို လက်ရှိလုပ်ဆောင်နေတဲ့ အပတ်စဥ် ၁၇ သင်တန်း မပြီးဆုံးသေးခင် အပတ်စဥ် (၂၀) သင်တန်းကိုပါ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။

“စစ်မှုထမ်းသင်တန်းသားတွေကို သင်တန်းကာလတိုးမြှင့်တာက ဒီလိုပါ။ အခုဆို ရှေ့တန်းမှာ တိုက်ခိုက်ရေးအင်အားအတွက် ပစအင်အားတွေ သူတို့လိုသလောက် ဖြည့်တင်းနိုင်လာတယ်။ ဒီအတွက် ပစအင်အား အပူတပြင်း လိုအပ်ချက်တွေ လျော့ကျလာတော့ သင်တန်းကာလတိုးမြှင့်တာပါ။ ဟန်ချက်ညီလာသလို သင်တန်းကျောင်းနေရာတွေ တိုးဖွင့်ဖို့ရှိနေတော့ သင်တန်းကာလကို တိုးမြှင့်လာတာပါ။” လို့ MDSI စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်မှုထမ်းအင်အားတွေကို လိုသလောက် စုဆောင်းရရှိလာမှုနဲ့အတူ တော်လှန်ရေးတပ်တွေဆီ ထွက်ပြေးအလင်းဝင်တာမျိုးတွေကို ဟန့်တားနိုင်ဖို့ တပ်တွင်းဝါဒဖြန့်တဲ့အနေနဲ့ နှစ်ပြည့်ပြီးသား ကျန်းမာရေးမကောင်းသူတွေနဲ့ အခြေအနေတစ်ခုရှိသူတွေကို ဟန်ပြသင်တန်းဆင်းခိုင်းတာမျိုးတွေလည်း စစ်အုပ်စုက လုပ်ဆောင်နေပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ လက်ရှိမှာ နိုင်ငံတဝှမ်း စစ်သင်တန်းကျောင်း (၂၇) ခုအထိ တိုးချဲ့ဖွင့်လှစ်ထားပြီး မူလသင်တန်းကျောင်းတွေအပြင် ခအက၊ တကအ နဲ့ ရလတ (၅၇) တို့မှာပါ အရံသင်တန်းကျောင်းတွေအဖြစ် ထပ်တိုးဖွင့်လှစ် လေ့ကျင့်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ကြက်ဝိုင်းကို ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ကြက်ဝိုင်းလောင်းကစားပြုလုပ်တဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ် (၃၂) စီးအပါအဝင်  ကြက်(၈)ကောင်နဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် ( Black Leopard Army) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲကျင်းပရန် နာရီပိုင်းအလိုမှ မကျင်းပနိုင်သည့် မြို့နယ် ၉ ခု စာရင်း စစ်အုပ်စု ထပ်တိုး

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင် (UEC) က သူတို့ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ စတင်ကျင်းပဖို့ ၁၂ နာရီအလိုမှာမှ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်အရေအတွက် ထပ်မံတိုးလာကြောင်း ဒီဇင်ဘာလ ၂၇ ရက် မနေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ အင်ဝိုင်ကျေးရွာမှာ စစ်တပ်ထောက်တိုင်လုပ်ပြီး သန်းခေါင်စာရင်း ကောက်ဖို့လုပ်နေသူ ၂ ယောက် အသတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ဝိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် လုပ်ဆောင်ပေးနေသူ ၂ ယောက် အသတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှုများကို အရေးယူ‌ပေးရန် နိုင်ငံတကာကို မန္တလေး-PDF တိုက်တွန်း

အရပ်သားများအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကို အရေးယူပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က နိုင်ငံတကာကို ယမန်နေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ငလျင်ဒဏ်သင့်ကာလမှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်မိပြီးနောက် စစ်ကောင်စီလည်း ရက် ၂၀ ကြာ ယာယီအပစ်ရပ်ကြောင်း ကြေညာ

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးအတွက် ဧပြီ (၂) ရက်မှ  (၂၂) အထိ ရက် ၂၀ ကြာ ယာယီအပစ်ရပ်ကာလအဖြစ် သတ်မှတ်လိုက်တယ်လို့ ဧပြီလ ၂ ရက် ဒီနေ့မှာ စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လာပါတယ်။
Read More

မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁၅ ယောက် သေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ လနဲ့ချီပြီး တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၁၅ ယောက် သေဆုံးပြီးလက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။