မိဘပြည်သူတိုင်းရင်းသားတွေ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ အဓမ္မစစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ကျရှုံးနိုင်ငံဖြစ်အောင် လုပ်ဆောင်နေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
ဒီနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ မင်းအောင်လှိုင်က အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး လွဲမှားတဲ့ အတွေးအခေါ်အယူအဆနဲ့ ကိုယ်ကျိုးအတ္တရှေ့တန်းတင်နေလို့ လက်နက်ကိုင် ပဋိပက္ခတွေ လက်ရှိအချိန်ထိ ဖြစ်ပွားနေတာလို့ ဆိုပါတယ် ။
“လွဲမှားသည့် အတွေးအခေါ်အယူအဆများနှင့် နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများ အားလုံးအကျိုးထက် ကျဉ်းမြောင်းသည့် ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်နေကြခြင်းကြောင့် လက်နက်ကိုင် ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှုများသည် ယနေ့ကာလအထိ ရှည်ကြာနေပြီး မိဘပြည်သူတိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်” လို့ မင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်အတွင်း အခုထိ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တည်ငြိမ်မှု ပျက်ပြားနေခဲ့တာဟာ ကိုလိုနီနယ်ချဲ့ရဲ့ သွေးခွဲအုပ်ချုပ်ခဲ့မှု အမွေဆိုးကြောင့် ဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
စစ်တပ်အနေနဲ့ တည်ငြိမ်အးချမ်းအောင် NCA ကို လုပ်ဆောင်ခဲ့ပေမယ့် အမှန်အတိုင်း မရှုမြင်ဘဲ အချို့က လမ်းမှားကို လျှောက်နေဆဲ ဖြစ်တယ်လို့ ကရင်ပြည်နယ်ထဲက လက်နက်ကိုင်တိုက်ပွဲတွေကို ရည်ညွှန်းပြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။
မင်းအောင်လှိုင်ရဲ့ နှုတ်က ဘယ်လိုစကားတွေပဲ ပြောဆိုပါစေ ဒီနေ့အချိန်အခါလိုမျိုး တိုင်းပြည်ကို ဆင်းရဲတွင်းနက်အောင်၊ ကျရှုံးနိုင်ငံဖြစ်အောင် တွန်းပို့တဲ့ တရားခံဟာ ပြည်သူ့ဆန္ဒမပါဘဲ အရပ်သားအစိုးရထံက အာဏာလုယူ အုပ်ချုပ်နေတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဖြစ်တယ်လို့ မြန်မာလူထုက မှတ်ယူထားကြပါတယ်။