အာဏာသိမ်းစစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ အင်မတန်အရေးကြီးပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော် အဌမအကြိမ် အစည်းအဝေး ပထမနေ့မှာ ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း မိန့်ခွန်းထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျနော်တို့ရဲ့ နိုင်ငံတော်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ နိုင်ငံအတွက်ရော၊ လက်ရှိ နွေဦးတော်လှန်ရေးအတွက်ပါ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်” လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက စစ်တပ်က ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မပေးတဲ့ မိခင်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုပြီးတဲ့နောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ စာထုတ်လာပေမယ့် လက်ရှိအချိန်ထိ တစုံတရာ သက်သေပြလာခြင်း မရှိသေးပါဘူး။
ယာယီသမ္မတ ဒူဝါလရှီးလက “ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့အတွက် ကျနော်တို့အနေနဲ့ နိုင်ငံတကာကို ဆက်လက် အကူအညီတွေ တောင်းဆိုသွားကြဖို့ တိုက်တွန်းချင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဒီကိစ္စကို အမြဲတမ်း တိုက်တွန်းပြောဆို နှိုးဆော်တာရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ ဖမ်းဆီးချုပ်နှောင်ထားမှုကနေ အမြန်ဆုံးလွတ်မြောက်ဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ပြည်တွင်းကရော နိုင်ငံတကာကပါ ပုံစံမျိုးစုံနဲ့ တိုက်တွန်းစေ့ဆော်တာတွေကို လုပ်ဆောင်ကြဖို့ လေးနက်စွာ တိုက်တွန်းပြောကြားလိုပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
