စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ယာဉ်တွေပိတ်ဆို့နေတဲ့ နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၈ ရက် မနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ခင်ဦးမြို့နယ်အတွင်း ခရီးသွားယာဉ်တွေနဲ့ ကုန်စည်သယ်ဆောင်ရေးကားတွေ ယာဉ်ကြောပိတ်ဆို့နေချိန် အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီး အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ လမ်းပိုင်းမှာရှိတဲ့ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ကုန်စည်သယ်ဆောင်ရေးကား၊ ခရီးသွားကား၊ ဆီဘောက်ဆာယာဉ်ကားတွေအပြင် ဆိုင်ခန်းတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ခင်ဦး-ကန့်ဘလူအစပ် ကျီးကျင်မှာ ဂိတ်ချပြီး ခင်ဦးဘက်ကနေ ကန့်ဘလူဘက် တက်လာမယ့်ကားတွေကို တားဆီးပိတ်ဆို့ထားကာ ယာဉ်ကြောပိတ်ဆို့နေချိန် လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video – လူမှုကွန်ရက်