ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၂) က ထိန်းသိမ်းထားတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူးအပါအဝင် PDF အယောက် ၅၀ နီးပါး မကြာခင် မိခင်တပ်ရင်းထံ ပြန်ရောက်လာမှာဖြစ်ကြောင်း အမှတ် (၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက လူမှုကွန်ရက်တဆင့် အသိပေးလာပါတယ်။
“တော်လှန်မိဘပြည်သူများကို အသိပေးတင်ပြအပ်ပါသည်။ ကျနော်တို့ မဟာမိတ် KNLA တာဝန်ရှိလူကြီးတွေနဲ့ ညှိနှိုင်းမှု အဆင်ပြေပါတယ်။ မကြာခင် အထိန်းသိမ်းခံထားရတဲ့ ရဲဘော်တွေ အားလုံး လက်နက်နဲ့အတူ မိခင်တပ်ရင်းစီ ပြန်ရောက်မှာပါ။ ကျနော်တို့ တော်လှန်ညီအကိုတွေ နားလည်မှုလွဲတာ အနည်းအကျဥ်းပဲရှိပါတယ်။ ဒါကလည်း ပြသာနာမဟုတ်ပါဘူး ခင်ဗျာ” လို့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားလာတာ ဖြစ်ပါတယ်။
မနေ့က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အမှတ်(၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် ရဲဘော် ၅၀ နီးပါးဟာ စစ်ဆင်ရေးကိစ္စနဲ့ ခရီးသွားရင်း ထိန်းသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနရဲ့ တပ်ရင်း (၂) က ရဲဘော်နဲ့ တပ်မဟာ (၄) အောက် တပ်ရင်း (၁၂) တပ်ခွဲ (၂) ရဲဘော်တို့ အချင်းများရာကနေ အခုလို ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။
KNLA တပ်မဟာ (၄) နဲ့ PDF နည်းဗျူဟာ (၃၃) PDF တွေဟာ တနင်္သာရီတိုင်းအတွင်း အာဏာရှင်စစ်တပ်ကို အတူပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲတွေ များစွာရှိခဲ့ပါတယ်။
နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက “တော်လှန်မိဘပြည်သူများနှင့် ရဲဘော်ရဲဘက်များကို ကျေးဇူးတင်ပါတယ်။ တခုပြောချင်တာက စစ်အာဏာရှင်နဲ့ စစ်လော်ဘီတွေ အရမ်းဝမ်းသာမနေပါနဲ့ ခင်ဗျားတို့ကို ကျနော်တို့ မဟာမိတ်တပ်ပေါင်းစုတွေ တဆုံးအထိ တိုက်မှာမပူပါနဲ့” လို့လည်း ပြောထားပါတယ်။