တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် ခလရ ၂၆၇ ကနေ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သား၂ယောက်ကို ဆုကြေးငွေပေးအပ်ပြီး လုံခြုံစိတ်ချရတဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ရက်နေ့က ထားဝယ်မြို့အခြေစိုက် ၂၆၇ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းအပတ်စဥ် (၁၆) ဆင်း ပြည့်ဖြိုးမောင်နဲ့ ပြည့်လင်းအောင်တို့ဟာ သေနတ်ကိုယ်စီနဲ့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) ထံ အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။
အလင်းဝင်ရောက်လာသူတွေနဲ့အတူ MA 1 သေနတ် ၂လက်နဲ့ ကျည်ဘောက် ၂ခု၊ 5.56 ကျည်အတောင့် ၅၀ ပါဝင်ခဲ့ပြီး ၂ယောက်လုံးကို ဆုကြေးငွေ သိန်း ၃၀ ကျပ်စီ ပေးအပ်ကာ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့လည်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ထုတ်ပြန်ပါတယ်။
လက်ရှိအချိန်ဟာ တော်လှန်ရေး အရှိန်မြှင့်နေချိန် ဖြစ်တာကြောင့် ပြည်သူ့ဘက် ခိုလှုံလိုတဲ့ ရဲ၊ စစ်သားနဲ့ ပြည်သူ့စစ်တွေ အမြန်ဆုံးခိုလှုံကြဖို့လည်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ရက်နေ့ကလည်း တနင်္သာရီ၊ အောက်ကင်း အခြေစိုက် ခမရ ၅၅၇ တပ်ရင်းက စစ်မှုထမ်းတပ်သားတွေနဲ့ တပ်ကြပ်အပါ စစ်သား ၃ ယောက် တနင်္သာရီတိုင်း စစ်ဌာနထံ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ အခုလို စစ်မှုထမ်းတပ်သားတွေ တော်လှန်ရေးဘက် ထွက်ပြေးခိုလှုံမှုတွေကို ထိန်းချုပ်နိုင်ဖို့ စစ်မှုထမ်းသင်တန်းအပတ်စဥ်တွေကို တိုးမြှင့်တာ၊ ခြိမ်းခြောက်ဝါဒဖြန့်တာအပြင် ကျန်းမာရေး မကောင်းသူတွေနဲ့ ငွေကြေးတတ်နိုင်သူတွေကို သင်တန်းပြီးဆုံးတယ်ဆိုပြီး ဟန်ပြသင်တန်းဆင်းခိုင်းတာတွေလည်း ရှိနေကြောင်း CDM စစ်ဘက်အရာရှိက မောင်းကိုပြောခဲ့ပါတယ်။



