မန္တလေးမြို့ ဈေးချိုအနီး ဆန္ဒပြခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မနဲ့ အမှုဖွင့် ဆုငွေထုတ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သပိတ်အင်အားစုတွေက ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။
အဲဒီ ပူးတွဲထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်အုပ်စုက ကိုထက်မြတ်အောင်ကို ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လို ဖမ်းဆီးသွားတယ်ဆိုတာကို ဖော်ပြမထားပေမယ့် မန္တလေးမြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရစဉ် ပြင်းပြင်းထန်ထန် အကြမ်းဖက် ရိုက်နှက်ခံခဲ့ရသလို အသက်အန္တရာယ်ကိုပါ စိုးရိမ်ပူပန်ရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ကိုထက်မြတ်အောင်ဟာ အသက် ၂၄ နှစ်အရွယ် ကျန်းမာရေး အထူးကောင်းမွန်တဲ့ လူငယ်တစ်ယောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဓမ္မ ဖမ်းဆီးခံရပြီးနောက် ကိုထက်မြတ်အောင်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် ထိခိုက်ယိုယွင်းမှု တစုံတရာ ဖြစ်ပေါ်ခဲ့ရင် အကြမ်းဖက်စစ်တပ်အနေနဲ့ လုံးဝ တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်က ဆို ပါတယ်။
အဓမ္မဖမ်းဆီးခံခဲ့ရတဲ့ ကိုထက်မြတ်အောင်ဟာ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်သလို အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့ရဲ့ အဖွဲ့ဝင်တယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုထက်မြတ်အောင် ဖမ်းဆီးခံရမှု အခြေအနေနဲ့ပတ်သက်ပြီး အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) ၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့က ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်မှာ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ပြီး မန္တလေးမြို့ ဈေးချိုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု လုပ်ဆောင်ခဲ့ကာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့မှာ လူထုတရပ်လုံး အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike) ဆင်နွှဲဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဆန္ဒပြမှုနဲ့ပတ်သတ်ပြီး အကြမ်းဖက် စစ်တပ်က ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးနဲ့ ကိုထက်မြတ်အောင် အပါအဝင် ၁၀ ယောက်ကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (ခ) နဲ့ မန္တလေးမြို့ ချမ်းအေးသာ စံမြို့နယ် အမှတ်(၆)နယ်မြေရဲစခန်းမှာ အမှုဖွင့် ဆုငွေထုတ်ထားခဲ့တာ ဖြစ်ပါတယ်။