လက်ရှိမှာ တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ စုဖွဲ့ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance-SRA) ဟာ ပြည်သူတွေရဲ့ တိုက်တွန်းလမ်းညွှန်မှုတွေကြောင့် စုဖွဲ့နိုင်ခဲ့တာဖြစ်တယ်လို့ SRA ထဲမှာ ပါဝင်တဲ့ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဒုဥက္ကဌ (၁) ကိုမင်းဟန်ထက်က မောင်းကို ပြောပါတယ်။

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance-SRA) ဖွဲ့စည်းလိုက်ကြောင်းကို မနေ့က ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာလာခဲ့တာ ဖြစ်ပါတယ်။

“ဒီလိုတပ်ပေါင်းစုဖြစ်လာတာက ပြည်သူတွေရဲ့ လမ်းညွှန်မှုလို့ပဲ ကျနော်တို့ မှတ်ယူပါတယ်။ တော်လှန်ရေးတပ်တွေကို ဒီထက်ပိုပြီး စည်းလုံးကြဖို့၊ ညီညွတ်ကြဖို့၊ လက်တွဲပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်သူတွေက ဝေဖန်၊ တိုက်တွန်း၊ လမ်းညွှန်တာတွေ ရှိပါတယ်။ ဒါတွေကို ကျနော်တို့က လမ်းညွှန်ချက်အဖြစ်နဲ့ ပြည်သူတွေရဲ့ တွန်းအားအဖြစ်နဲ့ တပ်ပေါင်းစုကို စုဖွဲ့ခဲ့တာ ဖြစ်ပါတယ်” လို့ ကိုမင်းဟန်ထက်က မောင်းကို ပြောပါတယ်။

ဒီလို တပ်ပေါင်းစု ပေါ်ထွက်လာဖို့အတွက် တော်လှန်ရေးအဖွဲ့ (၇) ဖွဲ့ဟာ ပြီးခဲ့တဲ့ မေလမှာ စတင်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ပထမအပတ်ထဲမှာ တပ်ဖွဲ့ (၁၄) ဖွဲ့ ကနဦး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကနေ ဘုံသဘောတူညီချက်တွေ ရရှိလာပြီးနောက် ထပ်မံဖိတ်ကြားသင့်တဲ့ အဖွဲ့တွေကို ဖိတ်ခေါ်ကာ တပ်ပေါင်းစုဖြစ်မြောက်ရေး ညီလာခံတရပ်ကို လွတ်မြောက်နယ်မြေတစ်နေရာမှာ နိုဝင်ဘာ ၂၁ရက်နေ့ကစလို့ ၃ရက်ကြာ ကျင်းပခဲ့ကြတာပါ။

အဆိုပါ ညီလာခံမှာ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ကို အဖွဲ့ဝင် တပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး တပ်ပေါင်းစုရဲ့ ဖွဲ့စည်းပုံစည်းမျဥ်းတွေ၊ ရှေ့လုပ်ငန်းစဥ်တွေ ချမှတ်ပြီး တော်လှန်ရေးကတိကဝတ်ပြု လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မပါဝင်သေးတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း SRA စုဖွဲ့မှုမှာ ပါဝင်လာဖို့ လေးလေးစားစားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

“ကျနော်တို့ တပ်ပေါင်းစုဟာ ရေသေမဟုတ်ဘူး။ ရေရှင်ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ကြီးမားကျယ်ပြန့်လာဖို့ကို ဆက်ပြီး ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ တခြားသော မပါဝင်သေးတဲ့ တပ်တွေနဲ့ ကျနော်တို့ လေးလေးစားစား တွေ့ဆုံမှုတွေ၊ ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့အခါမှာ ဆက်ပြီးတော့ ဒီတပ်ပေါင်းစုမှာ ပါဝင်လာနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” လို့ ကိုမင်းဟန်ထက်က ဆက်ပြောပါတယ်။

SRA စုဖွဲ့မှုကနေ ပြန့်ကျဲနေတဲ့ တပ်တွေကို စုပေါင်းပြီး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အကန့်အသတ်တွေ၊ နိုင်ငံရေး၊ စစ်ရေး၊ ဖိအားတွေ၊ အကြပ်အတည်းတွေကို တပ်ပေါင်းစုအနေနဲ့ ကျော်လွှားနိုင်ဖို့၊ ပိုမို ကြီးမားကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက် စစ်ဆင်ရေးတွေကို ဆောင်ရွက်နိုင်ဖို့ကိုလည်း မျှော်မှန်းထားတယ်လို့ သိရပါတယ်။

“SRA စုဖွဲ့မှုကတော့ ကျနော်တို့ ကြိုဆိုရမှာပဲ။ ဒီလိုစုဖွဲ့မှုက ဖြစ်သင့်တာကြာပြီပေါ့နော်။ နောက်တော့မကျသေးပါဘူး အချိန်ကိုက်ကလေးပါပဲ။ ဒီစုဖွဲ့မှုမှာ အင်အားကြီးအဖွဲ့တွေလည်း ပါသလို မြန်မာပြည်အနှံ့မှာ ဖြန့်ကျက်ထားပြီးသား အဖွဲ့တွေများပါတယ်။ တပ်ဖြန့်ပြီးသားတွေ ရှိနေတယ်။ အဲ့တော့ ဒီအစုအဖွဲ့ကနေ တိုက်စစ်အသွင်ကို မြင်လာရမလားဆိုတာ မျှော်လင့်ပါတယ်။ စစ်တပ်ကို တန်ပြန် ဘယ်လို ခြိမ်းခြောက်မလဲဆိုတာ မျှော်လင့်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

စုဖွဲ့မှုမှာ ပါဝင်တဲ့ အဖွဲ့တွေဟာ တိုက်ရည်ခိုက်ရည် အတွေ့အကြုံ ရှိပြီးသားဖြစ်တာကြောင့် တိုက်စစ်တွေ ဖွင့်နိုင်ဖို့ ပြည်သူ့အားလည်း လိုအပ်ပြီး ပြည်သူ့အား လက်ဝယ်ရောက်ချိန်မှာ ပြည်သူတွေရဲ့ လိုလားချက်ကို ပုံဖော်နိုင်ရင် ပြည်သူတွေ အားကိုးနိုင်မယ့် အစုအဖွဲ့ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

SRA အနေနဲ့ကတော့ လွှမ်းခြုံကွပ်ကဲမှုနဲ့ ချိတ်ဆက်မှု အားနည်းချက်တွေကို ပြင်ဆင်ပြီး ခိုင်မာကျယ်ပြန့်တဲ့ မဟာမိတ်တပ်ပေါင်းစု အသွင်ရပ်တည်ကာ ရှင်းလင်းပြီး ထိရောက်တဲ့ ကွပ်ကဲမှု ယန္တရားပေါ်ပေါက်လာအောင် လုပ်ဆောင်သွားမယ်၊ ညီညွတ်မှုအားတွေနဲ့ အကောင်ထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

“ပြည်သူတွေ ကြုံတွေ့နေရတဲ့ အကြပ်အတည်းတွေ စစ်အုပ်စုရဲ့… စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေကို ကျနော်တို့ တပ်ပေါင်းစုအားဖြင့် အောင်ပွဲရသည်အထိ ဆက်ပြီးတော့ တိုက်ပွဲဝင်သွားမယ်ဆိုတာကို ပြည်သူတွေကို အသိပေးလိုပါတယ်” လို့ ကျောင်းသားလက်ရုံးတပ်တော် ဒုဥက္ကဌ (၁) ကိုမင်းဟန်ထက်က ဆိုပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုမှာ ပါဝင်တဲ့ အဖွဲ့ ၁၉ ဖွဲ့ကတော့ 96 Soliders ၊ ဗမာ့တပ်တော် (BA) ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၊ ချင်းညီနောင် (CB) ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF) ၊ Force Federal Democracy (FFD) ၊ GZA (Generation Z Army) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ ကလေးဒေသတော်လှန်ရေးတပ် (KRF) ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PNDF-KK/ PPDF-KD) ၊ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ယောတပ်တော် (YA) နဲ့ ယောကာကွယ်ရေးတပ် (YDF) တို့ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ် အသုံးပြုလာတဲ့ Spy Balloon ဆိုတာ ဘာလဲ၊ ဘယ်လိုကာကွယ်မလဲ

အကြမ်းဖက်စစ်ကော်မရှင်က အခုနောက်ပိုင်း သူလျှိုပူဖောင်း ခေါ် Spy Balloon တွေကို စမ်းသပ်အသုံးပြုမှုတွေ ရှိလာပြီး ဒီ Spy Balloon တွေဟာ တိုက်ခိုက်ဖျက်ဆီးဖို့ ခက်ခဲတာကြောင့် တန်ပြန်ထောက်လှမ်းနိုင်ဖို့နဲ့ ပူဖောင်းရဲ့ ဆက်သွယ်ရေးကို နှောင့်ယှက်နိုင်ဖို့က ပိုမိုထိရောက်နိုင်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ပြောဆိုထားပါတယ်။
Read More

ပေါ်တာဆွဲခံရသည့် လူငယ် ၄ ဦး စစ်အုပ်စု အချုပ်ခန်းမှ ဘယ်လို ထွက်ပြေးလွတ်မြောက်ခဲ့လဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်အုပ်စုပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ အမျိုးသား လူငယ် ၄ ယောက် စစ်သင်တန်း ပို့ဆောင်ခြင်းမခံရခင် အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ထံက သိရပါတယ်။
Read More

ဒေါက်တာ တေဇာစန်း ဝေဖန်ထောက်ပြခဲ့သည့် ပကဖ ကိစ္စအပေါ် မြေပြင်တပ်ဖွဲ့ဝင်အချို့ ဘာပြောလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တော်လှန်ရေးကာလ ၄နှစ်ကျော်လာချိန်မှာ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာကတဆင့် ဒေါက်တာ တေဇာစန်း ပြောဆိုခဲ့တဲ့ အချက်တွေထဲမှာ ပကဖ နဲ့ ပတ်သက်တဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။
Read More

တစ်နိုင်ငံလုံးမှာ စစ်ကောင်စီက အခြေစိုက်စခန်း ၃၅၀ ကျော် လက်လွှတ်ဆုတ်ခွာထားရ

စစ်အာဏာသိမ်းမှု (၃) နှစ်ကျော်ကာလအတွင်း စစ်ကောင်စီအခြေစိုက်စခန်းပေါင်း ၃၅၀ ကျော်လောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် ဆုတ်ခွာခဲ့ရတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက သုတေသနပြုလုပ်ပြီး ပြန်လည်ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီကို အရှိုက်ထိစေခဲ့တဲ့ စစ်ကြောင်းလိုက် ဖွဲ့စည်းပုံပျက်အောင် တိုက်ခိုက်ချေမှုန်းမှုများ

ပြီးခဲ့တဲ့ ၅ လကျော် ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားရာချီ ပါဝင်တဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၄ ကြိမ်အထိ ရှိခဲ့ပြီး စစ်ကြောင်းတစ်ခုလုံး ပြုတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းနိုင်မှုတွေ ရှိခဲ့ပါတယ်။
Read More

ဟန်ပြအရေးယူမှုတွေကြား လုံခြုံရေးအထပ်ထပ်နဲ့ တိုးချဲ့လာနေတဲ့ ကျားဖြန့်လုပ်ငန်းများ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး ဟန်ပြတားမြစ်မှုတွေ၊ သတိပေးမှုတွေ ရှိနေပေမယ့် မြေပြင်မှာတော့ ဒီရာဇဝတ်လုပ်ငန်းတွေဟာ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။