စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံ အယောက် ၂၀ ကျော်ကို ဖမ်းဆီးထားပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၅ ရက် ဒီမနက် ၁၁ နာရီလောက်မှာ စွမ်းရည်ထက် ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ တောပုရွာ ပျူစောထီးတွေဟာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်း ၂ကြောင်းခွဲပြီး ထနောင်းတောရွာနဲ့ ပေါက်ပင်ရွာထဲကို ဝင်ရောက်လာခဲ့ပါတယ်။
“ဘုန်းကြီးကျောင်းတွေထဲကော ဝင်တယ်။ မြောက်ရွာအထိ ရောက်တယ်။ တောင်ရွာရဲ့ တောင်ဘက်က ပေါက်ပင်ရွာပဲ၊ နီးနီးလေး။ တောပုပျူရွာနဲ့ စွမ်းရည်ထက် ေ-ွးဆိုင်က ေ-ွးတွေနဲ့ ပေါင်းလာတာ” လို့ မုံရွာမြို့နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဲဒီနောက် ထနောင်းတောရွာက ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးကာ ရွာထဲ လိုက်လံမွှေနှောက်ခဲ့သလို ပေါက်ပင်ရွာထဲ ဝင်ရောက်ချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်အုပ်စု စစ်ကြောင်း ၂ခုလုံးပေါင်းကာ ပေါက်ပင်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
“ထနောင်းတော တောင်ရွာဈေးတန်းက လူတွေပါသွားတယ် သိထားတယ်။ ဟင်းသီးဟင်းရွက်ဈေးတန်းမှာ ဝင်ဖမ်းတာဆိုတော့ ဖမ်းခံရတဲ့ထဲမှာ အမျိုးသမီးတွေလည်း ပါနိုင်တယ်။ တစ်ကြောင်းက တောင်ရွာဝင်တာ၊ တစ်ကြောင်းက ပေါက်ပင်ဝင်တာ၊ ထိတွေ့မှု ခဏဖြစ်ပြီးမှ နှစ်ကြောင်းပေါင်းပြီး ပေါက်ပင်ကို မီးတင်တာ” လို့ အထက်ပါ နယ်ခံက ပြောပါတယ်။
လက်ရှိအချိန်ထိ စစ်အုပ်စုက ပေါက်ပင်ရွာထဲက နေအိမ်တွေကို ဆက်လက်မီးရှို့နေဆဲဖြစ်ပြီး အနီးပတ်ဝန်းကျင် ကျေးရွာ ၆ခုလောက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။