မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All in One Piece Movement မှာ ပါဝင်သူတွေကို ကျေးဇူးတင်ကြောင်း ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။
အဆိုပါလှုပ်ရှားမှုကို ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ပြုလုပ်တာဖြစ်ပြီး ဂျပန်နိုင်ငံ စစ်ကော်မရှင်ရုံးရှေ့ ဆန္ဒပြပွဲမှာ ကိုထိန်လင်းကိုယ်တိုင် ပူးပေါင်းပါဝင်ခဲ့ပါသေးတယ်။
ဒါ့အပြင် ဩစတြေးလျ၊ ကနေဒါ၊ ချက်၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမဏီ၊ အိုင်ယာလန်၊ ဂျပန်၊ မြန်မာ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဆွတ်ဇာလန်၊ တိုင်ဝမ်၊ ဗြိတိန်၊ အမေရိကန်နိုင်ငံတို့မှ မြန်မာပြည်သူတွေအပါအဝင် Facebook လူမှုကွန်ရက်မှာလည်း ပူးပေါင်းပါဝင်သူတွေ ရှိခဲ့ပါတယ်။

“All in One Piece လှုပ်ရှားမှာ ကျနော်တို့နဲ့အတူ ပူးပေါင်းပါဝင် ရပ်တည်ခဲ့ကြသူတွေကို ကျေးဇူးတင်ပါတယ်။ သင်တို့ ပုံစံအမျိုးမျိုးနဲ့ ထောက်ခံမှုကြောင့် မြန်မာနိုင်ငံအတွက် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက် တောင်းဆိုမှုတွေ တိတ်ဆိတ်သွားမှာမဟုတ်ဘူးဆိုတာ ထင်ထင်ရှားရှား ပြလိုက်တာဖြစ်ပါတယ်” လို့ ကိုထိန်လင်းက ကျေးဇူးတင်စကားဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းကနေ ဒီလှုပ်ရှားမှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထောက်ခံကြသူတွေကို လေးလေးနက်နက် ကျေးဇူးတင်ပြီး ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကိုနားလည်တာကြောင့် ဘေးကင်းရေးက အရေးကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးအကျဉ်းချခံထားရသူ အသက် ၈၀ အရွယ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေသလို သတင်းမကြားတဲ့အတွက် ကွယ်လွန်သွားတာမျိုးဖြစ်မှာ စိတ်ပူမိတယ်လို့ ကိုထိန်လင်းက ထုတ်ဖော်ပြောဆိုထားပါတယ်။