တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိနာတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၁ ရက် ဒီမနက် ၁၀ နာရီလောက်မှာ လောင်းလုံးမြို့ပေါ်ကနေ အင်အား ၅၀ ကျော်နဲ့ ထွက်လာတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ညင်းမော်ကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် နေ့လယ် ၁နာရီလောက်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ညင်းမော်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ညင်းမော်ရွာက လောင်းလုံမြို့ရဲ့ တောင်ဘက်ခြမ်း ကပ်လျက်ရှိတယ်၊ ထိတွေ့တိုက်ပွဲကလည်း အဲ့ရွာနားတဝိုက်မှာဖြစ်တာ၊ အခုလေကြောင်းကြဲတော့လည်း အဲ့ရွာနားတဝိုက်ကိုကြဲတယ်။ ညင်းမော်ရွာ စာသင်ကျောင်း နံဘေးက နေအိမ်တစ်ခုပေါ် ကျတယ်လို့သိရတယ်။ အသေးစိတ် အခြေအနေတော့ မသိရသေးဘူး” လို့ လောင်းလုံးနယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။
အခုလိုမျိုး အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် ညင်းမော်ရွာနဲ့ စစ်ပြဲရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
“အဲဒီစစ်ကြောင်းက လောင်းလုံးမြို့ထဲကနေထွက်လာပြီး ညင်းမော်ရွာတွေဘက်ကို ထွက်လိုက် ဝင်လိုက် အဲလိုမျိုးအရင်ကတည်းက အမြဲလုပ်နေကျ။ သူတို့ မနေ့ညနေကပဲ လက်နက်ကြီး နဲ့ ပစ်တာမျိုးရှိတယ်။ အဲ့တုန်းကဆို ထိခိုက်မှုမရှိဘူး။ သူတို့က လောင်းလုံးမြို့ပေါ်ကနေ ထွက်လာတယ်။ ရွာတွေထဲမှာ သူတို့အထိုင်ချတာမျိုးတော့ မရှိဘူး။ ဒေသခံတွေကတော့ တချို့ကလည်း စစ်ကြောင်း ခဏခဏ ထိုးတာရှိတော့ အရင်ကတည်းက ရှောင်ကြတဲ့သူတွေလည်းရှိတယ်။ အများစုကတော့ ဒီမနက် တိုက်ပွဲဖြစ်တော့မှ ရှောင်နေကြတာမျိုးရှိတယ်” လို့ အထက်ပါ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က လောင်းလုံးမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲမရှိဘဲ ရေတပ်စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် သဗျာကျေးရွာနဲ့ ဂေါအင်းကျေးရွာအနီး ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို သိရပါတယ်။