ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်မလွှတ်ပေးဘဲ အားလုံးပါဝင် ညှိနှိုင်းဆွေးနွေးမှုမရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပြီး လူတိုင်းအကျုံးဝင်တဲ့ ရွေးကောက်ပွဲအဖြစ် မပြည့်စုံဘူးလို့ သြစတြေးလျအစိုးရက ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ထုတ်ပြန်လာတဲ့ သြစတြေး လျအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းထုတ်ပြန်ချက်မှာ အခုလို ဖော်ပြလိုက်တာပါ။

ငြိမ်းချမ်းရေးလမ်းကြောင်း အစစ်အမှန်ဖြစ်ဖို့အတွက် အကြမ်းဖက်မှုတွေကို အဆုံးသတ်ပြီး မတရား ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကိုလွှတ်ပေးဖို့ ၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ဖို့ လိုအပ်တယ်လို့ သြစတြေးလျအစိုးရက ဆိုပါတယ်။

ဒီလိုအခြေအနေမျိုးမရှိဘဲ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ပိုမိုကြီးမားတဲ့ မတည်ငြိမ်မှုတွေဆီ ဦးတည်ပြီး ပြည်သူတွေအပေါ် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းအတွက် ငြိမ်းချမ်းသည့် အဖြေရှာဖွေရာတွင် အတားအဆီးဖြစ်မည်ကို မိမိတို့ အထူးစိုးရိမ်ပါသည်။ လက်ရှိမြန်မာနိုင်ငံရှိ အခြေအနေသည် လွတ်လပ်၍ တရားမျှတပြီး လူတိုင်းအကျုံးဝင်သည့် ရွေးကောက်ပွဲကျင်းပရန်အတွက် လိုအပ်သည့်အရာများ မပြည့်စုံနေပါဘူး” လို့ သြစတြေးလျအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သြစတြေးလျအစိုးရအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်ပြီး ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ ဒီမိုကရေစီအရပ်သားအစိုးရဆီ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းဖို့ ဆက်လက်တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။

ပုံစာ – ရခိုင်ပြည်နယ် စစ်တွေ မြို့ခံများအား အတုအယောင် ရွေးကောက်ပွဲအတွက် မဲပေးနည်း သင်ပေးနေစဥ်

ဒါ့အပြင် မြန်မာနိုင်ငံရေးအကျပ်အတည်းဖြေရှင်းဖို့ အာဆီယံရဲ့အခန်းကဏ္ဍကို ထောက်ခံပြီး အာဆီယံကိုယ်စား လှယ်တွေနဲ့ အဓိပ္ပာယ်ရှိတဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်ကို တောင်းဆိုထားပါတယ်။

သြစတြေးလျအစိုးရ နည်းတူ ယူကေနိုင်ငံခြားရေးကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်ရပ်ကို ဒီနေ့ ထုတ်ပြန်လိုက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိတယ်လို့ ယူဆရ တဲ့ နည်လမ်းနဲ့ ကျင်းပမယ့်အခြေအနေကို မတွေ့ရဘူးလို့ ဆိုပါတယ်။

“လေးနက်ပြီး အဓိပ္ပာယ်ရှိတဲ့ ရွေးကောက်ပွဲဆိုတာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ရန်နဲ့ သက်ဆိုင်ရာ အဖွဲ့အ သီးသီးနဲ့ ဆွေးနွေးရန် လိုအပ်ပါတယ်။ ဝမ်းနည်းစွာပဲ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ထိုအခြေအနေတွေနဲ့ ကိုက် ညီတဲ့ အရိပ်အယောင် သို့မဟုတ် လွတ်လပ်ပြီး တရားမျှတမှုရှိတယ်လို့ ယူဆရတဲ့နည်လမ်းနဲ့ ကျင်းပမယ့် အခြေ အနေကို မတွေ့ရပါဘူး” လို့ ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့်ဖွံ့ဖြိုးရေးရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က ကျင်းပတဲ့ရွေးကောက်ပွဲဟာ ပိုမိုဆိုးရွားတဲ့ တင်းမာမှုနဲ့ အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေနိုင်ရုံသာမက စစ်မှန်တဲ့ ဖြေရှင်းနည်းတွေနဲ့ ပိုမိုဝေးကွာသွားမှာကို စိုးရိမ်မိတယ်လို့လည်း ဆိုပါတယ်။

ယူကေအစိုးရအနေနဲ့ ပြောင်းလဲဖြစ်ပေါ်မှုတွေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ဦးစားပေးကာကွယ်ဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ချက် ချင်းလွှတ်ပေးဖို့၊ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့၊ ပဋိပက္ခအန္တရာယ် ကနေ ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝလက်တွေ့ အကောင်အထည်‌ဖော်ဖို့ကိုလည်း တောင်းဆိုထားခဲ့ပါတယ်။

“ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံသားများရဲ့ ငြိမ်းချမ်းတဲ့ဒီမိုကရေစီ အနာဂတ်အတွက် ထားရှိတဲ့ ရည်မှန်းချက် များကို ဆက်လက်ထောက်ခံကူညီသွားမှာဖြစ်ပါတယ်” လို့ ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့်ဖွံ့ဖြိုးရေးရုံး ပြော ရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

BGF ခေါင်းဆောင် စောချစ်သူအပါ ၃ ယောက်ကို လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းက ရပ်ဆိုင်း

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) က ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

ပဲခူးရိုးမအစပ်ရှိ ရေငံကျေးရွာတွင် အထိုင်ချထားသည့် စစ်အုပ်စုကို သွားရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး…

“ထိတွေ့မှုဖြစ်တာက သူတို့တပ်စွဲအထိုင်ချထားတဲ့နေရာကို ဝင်ပစ်တာပါဗျ ၊ စခ ဘက်က သေဆုံးမှုက မြေပြင်ထောက်ပို့ ပြည်သူတွေဆီက အတိအကျသိရတာပါ ၊ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တပ်ခွဲမှူး ဗိုလ်တိမ်တိုက် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ထီးလင်းမှာ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ဆုချီးမြှင့်

မကွေးတိုင်း၊ ထီးလင်းမြို့ ရုပ်သံကုန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့  ဗျူဟာ အမှတ် - ၈၁ (ယောဗျူဟာ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရေကြီးမှုကြောင့် မယ်စဲ့တံတားကျိုးကျ

ကရင်နီဒေသ၊ မယ်စဲ့မြို့က မယ်စဲ့တံတား ရေကြီးနစ်မြုပ်မှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာလ ၂၁ရက်၊ မနေ့က မနက်ပိုင်းမှာ တံတား ကျိုးကျသွားတာဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျေးရွာမီးရှို့ဖျက်ဆီးနေသည့် စစ်အုပ်စု ဒရုန်းဖြင့် ဗုံးကြဲခံရပြီး စစ်တပ်လက်အောက်ခံ PNA ပြည်သူ့စစ်မှ တပ်ခွဲမှူး ၁ ဦး သေ၊ ၅ ဦးထက်မနည်းဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အစပ်ရှိ ဆောင်နန်းခဲကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ PNA တပ် က တပ်ခွဲမှူး သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကရင်နီစစ်တိုင်း၊ စစ်နည်းဗျူဟာအမှတ် ၁၄ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့..

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။