မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ငါးနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအဖွဲ့များထံ ဆုံးရှုံးခဲ့ရတဲ့ နယ်မြေအချို့ကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း အစီရင်ခံစာတရပ်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ နယ်မြေအများစုကတော့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ထဲမှာ ဆက်ရှိနေဆဲဖြစ်တယ်လို့ သုတေသီက ဆိုပါတယ်။
စင်ကာပူအခြေစိုက် ISEAS-Yusof Ishak Institute က ဒီဇင်ဘာလ ၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ “စစ်တပ်ဟာ ၂၀၂၅ ခုနှစ်မှာ စစ်မှုထမ်းဥပဒေကို အခြေခံပြီး ပြည်သူ့စစ်တွေ ချဲ့ထွင်အသုံးပြုလာတာ၊ ဒရုန်းတွေ တိုးမြှင့်အသုံးပြုလာတာတွေနဲ့ (နိုင်ငံတကာနဲ့) စစ်ရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် အတိုင်းအတာတခုအထိ နယ်မြေတွေပြန်သိမ်းနိုင်ခဲ့တယ်”။ “ရလဒ်အနေနဲ့ စစ်တပ်ဟာ ရှမ်းမြောက်၊ ကချင်နဲ့ ကရင်ပြည်နယ်တွေမှာ အခြေအနေတွေ ပြောင်းပြန်လှန်နိုင်ခဲ့တယ်၊ ဒါပေမဲ့ အတိုင်းအတာနဲ့ အရှိန်အဟုန်တော့ မတူကြဘူး” လို့ ဆိုထားပါတယ်။
စစ်တပ်ဟာ ပြိုလဲမသွားဘဲ စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်စည်းရုံးမှု၊ ဒရုန်းစစ်ပွဲနဲ့ လက်နက်တွေ ပေါင်းစပ်အသုံးပြုတဲ့ စစ်ဆင်ရေးတချို့ကို အတုယူလုပ်ဆောင်တာတွေအပေါ် အာရုံစိုက်ပြီး အင်အားကို အလျင်အမြန် ဖြည့်တင်းနိုင်ခဲ့တယ်။ ၂၀၂၄ ခုနှစ်ကစလို့ စစ်မှုထမ်းဥပဒေနဲ့ အင်အား ၈၀,၀၀၀ ကျော် စစ်တပ်ထဲ ဖြည့်တင်းနိုင်ခဲ့တယ်လို့လည်း အစီရင်ခံစာက မှတ်ချက်ပြုထားပါတယ်။
အဆိုပါ စစ်တမ်းဟာ ရှမ်းမြောက်၊ ကချင်၊ ကရင်နဲ့ ရခိုင် စတဲ့ စစ်ဆင်ရေးနယ်မြေလေးခုအပေါ် အဓိကထား လေ့လာထားတာဖြစ်ပါတယ်။
ကချင်မှာဆိုရင် စစ်တပ်ဟာ အကျိုးအမြတ်များတဲ့ ဖားကန့်ကျောက်စိမ်းတွင်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ဝိုင်းရံထားမှုကို ရပ်တန့်ထားနိုင်ပြီး အဓိကဗျူဟာကျတဲ့ ဗန်းမော်မြို့ကို ဝန်းရံထားမှုကိုလည်း တန်ပြန်နိုင်ခဲ့ကြောင်း အစီရင်ခံစာကဆိုပါတယ်။
တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ်ဟာ မြန်မာ့မြေရှား အများစုတည်ရှိရာ နေရာဖြစ်တာကြောင့် စစ်အုပ်စုအတွက် အရေးပါနေတာပါ။ ISP-Myanmar ရဲ့ အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း တရုတ်ဟာ ရှားပါးမြေတန်ချိန် ၅၂,၀၀၀ ကျော် တင်သွင်းခဲ့ရာမှာ ၅၃ ရာခိုင်နှုန်းက မြန်မာကလာတယ်လို့ သိရပါတယ်။

ဒါပေမဲ့ စစ်တပ်ဟာ ရခိုင်မှာတော့ အောင်မြင်တဲ့ တန်ပြန်ထိုးစစ်တွေ ပြန်စနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ကြောင်း၊ စစ်သည်အင်အား ၄သောင်းခန့်ရှိတဲ့ အာရက္ခတပ် (AA) ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ ထိုးစစ်တွေ ပြန်လည်စတင်ခဲ့တာဖြစ်ပြီး ရခိုင်က မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို ထိန်းချုပ်ထားကြောင်း၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ စစ်တပ်အနေနဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်ကျွန်းတို့မှာသာ ကျန်တော့ကြောင်း ISEAS-Yusof Ishak Institute ရဲ့ အစီရင်ခံစာမှာ ပြောပါတယ်။
မြန်မာ့လက်နက်ကိုင်ပဋိပက္ခအတွင်း တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ စစ်တပ်ရဲ့ အဓိက နိုင်ငံခြားအကူအညီ အရင်းအမြစ်တွေဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေဟာ စစ်တပ်ကို ဒရုန်းတွေနဲ့ ဒရုန်းတန်ပြန်စနစ်တွေ ထောက်ပံ့ပေးခဲ့တာပါ။
အစီရင်ခံစာက “စစ်အေးခေတ်မှာ အမြစ်တွယ်ခဲ့ရာက ရုရှားနဲ့ (မြန်မာစစ်တပ်တို့အကြား) စစ်ဘက်အချင်းချင်း ဆက်ဆံရေး ပိုပြီးနီးကပ်လာခြင်းကနေ ယူကရိန်းကျူးကျော်စစ်အတွင်း ရုရှားက သင်ယူနိုင်ခဲ့တဲ့ လက်နက်တွေ ပေါင်းစပ်တဲ့စစ်ဆင်ရေး နည်းဗျူဟာနဲ့ ထိရောက်တဲ့ ဒရုန်းနည်းဗျူဟာတွေအတွက် အသိပညာတွေ ရခဲ့တယ်” လို့လည်း ဖော်ပြထားပါတယ်။
လန်ဒန်မှာအခြေစိုက်ပြီး လွတ်လပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ အလန် ရော်ဘင်ဆင် က “ဒီအစီရင်ခံစာကို စစ်ပွဲတခုလုံးရဲ့ အခြေအနေ ဒါမှမဟုတ် စစ်အုပ်စုဟာ ဗျူဟာအရ လုံခြုံမှုရှိနေပြီဆိုတဲ့ သက်သေအဖြစ် မရှုမြင်သင့်ပါဘူး။ စစ်တပ်ဟာ နိုင်ငံရဲ့ နယ်မြေအားဖြင့် ၂၀-၃၀ ရာခိုင်နှုန်းခန့်ကိုသာ ခိုင်မာစွာ ထိန်းချုပ်ထားနိုင်ပြီး အခြားနယ်မြေ အများစုမှာ လက်နက်ကိုင်တော်လှန်ရေးကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်” လို့ ပြောဆိုပါတယ်။
ရော်ဘင်ဆင်က “အပြင်ပန်း ထောက်ပံ့မှု သိသိသာသာ ပြောင်းလဲခြင်း သို့မဟုတ် လက်နက်ကိုင်တော်လှန်ရေး ကွဲပြားသွားခြင်း မရှိဘူးဆိုရင် စစ်တပ်အနေနဲ့ နိုင်ငံတခုလုံးကို ပြန်လည်သိမ်းပိုက်ဖို့ဆိုတာ အတော်လေး မဖြစ်နိုင်ဘူးလို့ (ဒီကိစ္စကို) အတော်လေး လေ့လာထားကြတဲ့ လေ့လာသူတွေက ထင်မြင်ကြတယ်” လို့ ပြောပါတယ်။
စစ်အုပ်စုဟာ ၎င်းရဲ့ အထွေထွေရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ ကျင်းပမယ်လို့ ပြောကြားထားပြီး ပထမအဆင့်ကို ဒီဇင်ဘာ ၂၈ ရက်၊ ဒုတိယအဆင့်ကို ဇန်နဝါရီ ၁၀ ရက်မှာ ကျင်းပသွားမယ်လို့ဆိုထားပါတယ်။
News- NikkeiAsia