စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (C.F.G) တပ်ဖွဲ့ထံက သိရပါတယ်။
ဒီဇင်ဘာ ၁ရက် ညနေ ၄နာရီခွဲလောက်မှာ စစ်အုပ်စုက အမြင့်ရွာဘက် စစ်ကြောင်းထိုးဖို့အတွက် မုံရွာအုံးပင်ဆိပ်ကမ်းကနေ အောက်ဘက်သို့ စုန်ဆင်းလာချိန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ၇မိနစ်ခန့်ကြာတဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

“သူတို့က မုံရွာအုံးပင်ဆိပ်ကမ်းကနေ စထွက်လာတာဗျ။ အင်အားကတော့ ၅၀/ ၆၀ လောက်တော့ရှိတယ်ဗျ။ သေဆုံးမှုတွေတော့ ရှိနိုင်တယ်။ အခုတော့ အမြင့်ရွာ ဆိပ်ကမ်းမှာ ကပ်ထားတယ်” လို့ Chindwin Fighter Group (C.F.G) တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ထိတွေ့ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို စက်တပ်လေထီး ပျံဝဲမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Chindwin Fighter Group (CFG) နဲ့ Brave Heart Army – (B.H.A) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း Chindwin Fighter Group (CFG) ပူးပေါင်းတပ်ဖွဲ့ဟာ မုံရွာ – မန္တလေးလမ်းပိုင်းမှာ ဂိတ်ကြေးကောက်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
