စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အကြမ်းဖက်စစ်တပ်က Gyrocopter ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံတပ်ဖွဲ့တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၃၀ ရက် မနေ့က နေ့လယ် ၃ နာရီလောက်မှာ ချောင်းဦးမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို ထိတွေ့တိုက်ပွဲမရှိဘဲ စစ်တပ်က Gyrocopter ၂ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၁ ယောက် သေဆုံးကာ ၉ ယောက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“ဂျိုင်ရိုကော်ပတာက မုံရွာ နမခ ကနေ လာတာဗျ။ ထိတွေ့မှုမရှိဘဲနဲ့ အကြောင်းမဲ့ ရွာ ၂ ရွာကို လာချသွားတာပါ။ ဒဏ်ရာရသူတွေထဲမှာ ၁ဦးကတော့ စိုးရိမ်ရတယ်လို့ သိရတယ်။ ကျန် ဒဏ်ရာရတဲ့သူတွေလည်း ကုသမှုခံယူနေတယ်” လို့ ချောင်းဦးဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Gyrocopter ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်က ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သေးတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့တုန်းကလည်း ချောင်းဦးမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၄ လုံး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ငါးလုံးတင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၂ ယောက် သေဆုံးခဲ့ပါသေးတယ်။
(ဓာတ်ပုံ ပေးပို့) 




