ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အင်အားထောင်ချီဖြည့်ပြီး စစ်ကြောင်းတွေထိုးနေသလို အတုအယောင် ရွေးကောက်ပွဲဝင်ရောက်မယ့် ကြံ့ခိုင်ရေးအမတ်တွေလည်း စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေကြောင်း ရွာငံစစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကစလို့ ရွာငံနဲ့ မိတ္ထီလာ၊ ရွာငံနဲ့ သာစည်မြို့နယ်အစပ်တွေမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့မှုတွေရှိပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်က ရွာငံမြို့နယ်ကို စစ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေကြောင်း သိရပါတယ်။

ကလောအခြေစိုက် တပ်မ (၅၅) နဲ့ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ အကြမ်းဖက်စစ်သားတွေဟာ အင်အားထောင်ချီနဲ့ ရွာငံမြို့နယ်အတွင်းက ကျေးရွာတွေဆီ စစ်ကြောင်းဝင်ရောက်ရင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ စစ်ရှောင်တွေရဲ့ တောအတွင်းနေထိုင်တဲ့ ယာယီတဲတွေကို ဖျက်ဆီးတာအပြင် အရပ်သားတွေကိုပါ ဖမ်းဆီးသတ်ဖြတ်နေခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလဆန်းပိုင်းကလည်း ရွာငံ-သာစည်အစပ် ကင်းတားဆည် ဘေးမဲ့တောကြိုးဝိုင်းမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ၃ကြိမ်ရှိခဲ့ပြီး စစ်အုပ်စု အထိနာကာ တော်လှန်ရေးတပ်တွေဘက်က လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်အုပ်စုဟာ ရွာငံမြို့နယ်ကို အနီရောင်အဆင့်သတ်မှတ်ပြီး စစ်ကြောင်း ၅ခုနဲ့ ဝင်ရောက်ရှင်းလင်းနေတာ ဖြစ်ပါတယ်။

“ရွာငံမှာ တော်လှန်ရေးအစကတည်းကနေ ဒီနေ့အထိ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက ကြံ့ကြံ့ခံ တိုက်ခိုက်နေကြပါတယ်။ ဒီတော့ စကမက ရှမ်းတောင်ဒေသကို တော်လှန်ရေးတပ်ဖွဲ့တွေ ခြေမချစေချင်ဘူး။ သူတို့ အမာခံဒေသထဲမှာလည်းပါသလို တပ်မ တပ်ရင်းပေါင်းများစွာရဲ့အလယ်မှာ ပါတာဆိုတော့ အပြီးတိုင်ချေမူန်းရမယ်ဆိုတဲ့အဆင့် အန္တရာယ်ရှိတဲ့အခြေအနေ အနီရောင်အဆင့်လို့ သတ်မှတ်ပြီး ရှင်းနေတာပေါ့။ ထောင်ချီတဲ့အင်အားကို စစ်ကြောင်း ၅ခုခွဲပြီး ပိုက်စိပ်တိုက် ရှင်းလင်းနေတာပါ။” လို့ ရွာငံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

ရွာငံမြို့နယ်အတွင်း စစ်အုပ်စုတွေဟာ ရွာတွေအလိုက် စစ်ကြောင်းထိုးမွှေနှောက်သလို အရပ်သားတွေကို ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။

ဒီလိုမျိုးအကြမ်းဖက်စစ်တပ်ဘက်က စစ်ကြောင်းတွေ ထိုးနေချိန် တချိန်တည်းမှာပဲ မြို့ပေါ်စစ်တပ်ဂိတ်တွေ တိုက်ခိုက်ခံရတာနဲ့ စစ်အုပ်စုလက်ပါးစေ ပျူစောထီးနဲ့ အုပ်ချုပ်ရေးမှူးတွေ ရှင်းလင်းခံရမှုဖြစ်စဥ်တွေလည်း ရှိခဲ့ပြီး စစ်အုပ်စုရဲ့ ပြည်သူအပေါ် မဲတတ်တဲ့အကျင့်ကြောင့် သက်ဆိုင်ရာတပ်ရင်းတွေဘက်က သတင်းထုတ်ပြန်တာမျိုး သိပ်မရှိဘူးလို့ သိရပါတယ်။

နိုဝင်ဘာလ ၂၈ရက်နေ့ မနက်ပိုင်းကလည်း ရွာငံမြို့နယ်မှာ စစ်အုပ်စုအလိုကျ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဖိနှိပ်သတ်ဖြတ်ထားတဲ့ မြင်းကျဒိုးကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်နဲ့ တပည့် ၂ယောက်ကို DSNDA တပ်ဖွဲ့က ပဲရင်းတောင်ရွာအနီးမှာ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

ဒါ့အပြင် လက်ရှိမှာလည်း အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၄ယောက်ဟာ ပြိုင်ဘက်ပါတီတွေ ဝင်ပြိုင်ဖို့မသေချာတာကြောင့် အလိုအလျောက် အနိုင်ရပြီးသားဖြစ်ဖို့ သေချာနေပြီး ကျေးရွာတွေကို စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရွာငံမြို့နယ်ဟာ ဓနုအမျိုးသားတွေ အဓိက နေထိုင်ရာဒေသဖြစ်ပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ သတိပေးထားမှုကြောင့် ဓနုပါတီက ရွာငံမြို့နယ်မှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့မရှိဘဲ လွှတ်တော်နေရာတွေအတွက် ကြံ့ခိုင်ရေးပါတီကပဲ ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။

“အခုက ကြံ့ခိုင်ရေး ၁ပါတီတည်း ပြိုင်ဘက်ကင်း အနိုင်ရပြီးသားလို ဖြစ်နေပါတယ်။ ကြံ့ခိုင်ရေးအမတ် ၄ယောက် ဝင်ပြိုင်မယ်ကြားတယ်။ အခု ဒီဇင်ဘာလဆန်းကစပြီး ကျေးရွာတွေကို စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေတယ် ကြားတယ်။ ကျနော်တို့ဘက်ကတော့ ရွေးကောက်ပွဲအတုကို လက်မခံဘဲ ပြတ်ပြတ်သားသားဆန့်ကျင်ပြီး အခွင့်သာရင်သာသလို နှောင့်ယှက်တိုက်ခိုက်သွားမှာပါ။” လို့ ရွာငံမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် မြောက်ပိုင်းမဲဆန္ဒနယ် အမှတ်(၂) အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်ဖြစ်သူ ဗိုလ်မှူးငြိမ်းချမ်း အရွေးခံမှာဖြစ်ကြောင်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)အတွက် ဦးသိန်းသန်းထွန်း၊ ပြည်သူ့လွှတ်တော်နေရာအတွက် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး စောထွန်းခိုင် (ပေါက်စ)နဲ့ အမျိုးသားလွှတ်တော်နေရာအတွက်ကိုတော့ ဦးမော်မော်အုန်းတို့ ဝင်ရောက်အရွေးခံမှာဖြစ်ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

အဓမ္မဖိအားပေးမှုများကြောင့် ကြိုတင်မဲပေးရသည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူ သုံးသောင်းနီးပါးထိရှိလာ

စစ်အုပ်စုရဲ့ရွေးကောက်ပွဲကော်မရှင်အပါအဝင် သက်ဆိုင်ရာကျောင်းတွေက အဓမ္မဖိအားပေးလို့ ကြိုတင်မဲပေးရသူ ကျောင်းသား၊ ကျောင်းသူ သုံးသောင်းနီးပါးရှိတယ်လို့ ယနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာများရဲ့ဖော်ပြချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခဲ့ရတဲ့ကျောင်းသားအများစုဟာ အလုံ၊ ဒဂုံမြို့သစ် ( မြောက်ပိုင်း)၊ ထားဝယ်၊ မြိတ်၊ ကျွန်းစု၊ စဉ့်ကိုင်၊ လောင်းလုံ၊ လယ်ဂျာ၊ ကွယ်ဟိန်း၊ ပင်းတယ အစရှိတဲ့မြို့တွေကဖြစ်ကြောင်းနဲ့ အခြားမြို့တွေဆီကလည်း ပါဝင်ကြောင်း စစ်အုပ်စုအာဘော်သတင်းတွေမှာ ဖော်ပြထားတာပါ။
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်၊ ခမရ-၁၂တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို အရှင်ဖမ်းမိပြီး စစ်သား ၉ ဦး သေဆုံး 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေဖြစ်တဲ့ ဟင်္သာကြီးကျေးရွာပျူစခန်း၊ ဘိုးနတ်တောင်စခန်း၊ တောင်လှဗျူဟာစခန်းနဲ့ ဘိုးထွန်းကျော်ဗျူဟာတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို အရှင်ဖမ်းမိကာ စစ်သား ၉ ယောက် သေဆုံးခဲ့တယ်လို့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တပ်ရင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ရင်းရွာဘက် စစ်ကြောင်းထိုးရင်း အထိနာခဲ့တဲ့ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်ကာ ထပ်မံစစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက တောင်ရင်းရွာ၊ ရွာသစ်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အလောင်း၂လောင်းနဲ့ အရှင် ၁ ယောက် ဖမ်းဆီးရမိထားကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ (၄) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိ၊ နေအိမ် (၄) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက် ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူး မြိုန့ယ်နဲ့ ရွှေကျင်မြို့နယ်တို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ (၄) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းဥပဒေကြောင့် ရှေ့တန်းရောက်လာတဲ့ စစ်ကောင်စီတပ်သား (၄) ယောက် KNDF ဆီ ထွက်ပြေးခိုလှုံ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ခိုင်မာဖို့ လိုအပ်ကြောင်း ချင်းညီနောင် တစ်နှစ်ပြည့်အခမ်းအနားမှာ NUG ယာယီသမ္မတ ပြောကြား

စစ်အာဏာရှင်ကို ဖြုတ်ချဖို့အတွက် မဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရေးနဲ့ တော်လှန်ရေးအင်အားစုတွေ ညီညွတ်ခိုင်မာ အားကောင်းနေဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။