လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ လက်ရှိ ရွေးကောက်ပွဲအကြိုကာလတွေမှာ နိုင်ငံအတွင်း ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲအတုအပေါ် ဝေဖန်သူတွေကို နိုင်ငံအနှံ့ ဖမ်းဆီးတာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေကြောင်း သတင်းပေးပို့ချက် များစွာ ရရှိထားတယ်လို့ IIMM က ဆိုပါတယ်။

“လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကျင်းပတာ၊ ဒါမှမဟုတ် နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာက ယန္တရားရဲ့လုပ်ပိုင်ခွင့်ထဲမှာ ပါဝင်တဲ့ ရာဇဝတ်မှု မဟုတ်ပါဘူး။ ယန္တရားရဲ့ လုပ်ပိုင်ခွင့်မှာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ လူမျိုးပြုန်းတီးစေမှုတွေမှာ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်စေနိုင်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ လူထုကြားမှာ အကြောက်တရား ပြန့်ပွားစေတဲ့အကြောင်း စိတ်ပူစရာကောင်းတဲ့ သတင်းပေးပို့ချက်တွေကို ယန္တရားက လက်ခံရရှိထားပါတယ်” လို့ IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို ဆန့်ကျင် ဝေဖန်ရုံနဲ့ ထောင်ဒဏ် နှစ် ၂၀ အထိ (သို့မဟုတ်) သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေကို မတရားသဖြင့် ပြဌာန်းထားပြီး ကလေးတွေအပါအဝင် လူအများအပြားကို ဖမ်းဆီးကြောင်း သတင်းပေးပို့ချက်တွေ ရရှိထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဥပဒေကြောင်းအရ အခြေအမြစ်မရှိဘဲ ဒါမှမဟုတ် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းမပါဘဲ ဖမ်းဆီး‌ထောင်ချတဲ့ အထောက်အထားတွေကို IIMM က စုဆောင်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ပြန်လည်သိမ်းယူပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေး နယ်မြေချဲ့ထွင်ဖို့အတွက် အပြစ်မဲ့တဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်မက်ဥပဒေချိုးဖောက်မှု ဖြစ်တယ်ဆိုတာ အဖွဲ့တွေအားလုံးကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ အရပ်သားတွေကို မရှောင်ရှားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေသာမက၊ နိုင်ငံရေးကိုယ်စားလှယ်လောင်းတွေနဲ့ မဲရေတွက်သူတွေလိုမျိုး ရွေးကောက်ပွဲမှာ ပါဝင်သူတွေကို တိုက်ခိုက်တာတွေဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်ပါတယ်။ ဒီရာဇ၀တ်မှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူနိုင်ဖို့အတွက် အထောက်အထားတွေကို ကျနော်တို့ အားသွန်ခွန်စိုက် စုဆောင်းနေပါတယ်” လို့ IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောဆိုပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရာဇဝတ်မှု ကျူးလွန်တဲ့ အချက်အလက်တွေ ရရှိထားရင် IIMM ရဲ့ Signal နံပါတ်ဖြစ်တဲ့ +41 76 691 1208 ကို ဆက်သွယ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ချင်းမိုင်မှာ KNU ထံ ပို့ဆောင်မည့် လက်နက်များ ဖမ်းဆီးရမိဟု ဆို

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ပို့ဆောင်မယ့် စစ်လက်နက် ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြလာပါတယ်။
Read More

ရွှေကုက္ကိုလ်ကျားဖြန့်မှ ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်းများအား စစ်တပ်နှင့် BGF အများရှေ့တွင် အဖျက်ပြ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်ကျားဖြန့် လုပ်ငန်းအဆောက်အဦးတွေကနေ သိမ်းဆည်းရမိတဲ့ ကွန်ပျူတာနဲ့ မိုဘိုင်းလ်ဖုန်းတွေကို အာဏာသိမ်းစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့ ဒီနေ့မှာ ဖျက်ဆီးပြခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod English က ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း သုံးခုကို ကနေဒါက ပိတ်ဆို့အရေးယူ

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ထဲက စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ ကြေညာပါတယ်။
Read More

ဒေသတွင်း ခေါင်းဆောင်နေရာပြန်ယူရန် အသင့်ပဲဟု ထိုင်းပြော

ထိုင်းအနေနဲ့ နှစ်ကာလအတော်ကြာ နိုင်ငံရေး မတည်ငြိမ်မှုတွေကနေ ကျော်လွှားပြီး ဒေသတွင်းခေါင်းဆောင်မှု အခန်းကဏ္ဍကို ပြန်ယူဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖုအန်းကက်ခီယိုက ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်စဉ် ကွာလာလမ်ပူမှာ ပြောခဲ့ပါတယ်။
Read More

ဘန်ကောက်မြို့ အဆောက်အဦး ပြိုကျမှုတွင် မြန်မာလုပ်သားများ အပါအဝင် ၄၃ ဦး ပျောက်ဆုံးနေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Bang Sue ဒေသမှာ ဒီနေ့ (မတ် ၂၈) နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဆောက်လက်စ အဆောက်အဦး ပြိုကျသွားခဲ့ပါတယ်။
Read More

ထိုင်းမှာ တရားမဝင်ဖွင့်ထားသည့် မြန်မာသီးသန့်ဘား အဖမ်းခံရ၊ မူးယစ်ဆေးနှင့် လက်နက်များပါ ဖမ်းမိသည်ဟု ဆို

ထိုင်းနိုင်ငံ၊ စမွတ်စခွန်၊ မဟုာချိုင်မှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ မြန်မာသီးသန့် ဘား၊ ကာရာအိုကေနဲ့ ဘိလိယပ်ခုံတို့ကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ကြတယ်လို့ ထိုင်းသတင်းဌာန Khaosod English ကနေ ဖော်ပြထားပါတယ်။