စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းအောင် လုပ်ဆောင်နိုင်မှသာ မြန်မာနိုင်ငံအတွင်း ကင်ဆာရောဂါသဖွယ် ပြန့်ပွားလာနေတဲ့ လူကုန်ကူးမှုအပါအဝင် ဆိုက်ဘာမှုခင်းတွေကို အပြီးတိုင် တိုက်ဖျက်နိုင်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

နိုဝင်ဘာလ ၂၅ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစီမံချက် ပြန်လည်သုံးသပ်ဆွေးနွေးရေး အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာဖြစ်ပြီး လူကုန်ကူးတဲ့ပြဿနာဟာ အဓမ္မ စစ်အာဏာသိမ်းမှုကြောင့် တိုက်ရိုက်အကျိုးဆက် ဖြစ်ပေါ်လာခဲ့တဲ့ တိုင်းပြည် ပြိုလဲပျက်စီးမှု လက္ခဏာ တစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က  ပြည်တွင်းတရားရေးယန္တရားကို ပြိုလဲပျက်စီးအောင်လုပ်ဆောင်ခဲ့တဲ့အတွက်  အုံလိုက်ကျင်းလိုက် စနစ်တကျ လူကုန်ကူးခံရတဲ့အခြေအနေ ပိုမို ကြီးထွားလာခဲ့ပြီး ခေတ်သစ်ကျွန်ပြုတာနဲ့  ဆိုက်ဘာရာ ဇဝတ်မှုတွေ  တဟုန်ထိုး ပွားများလာခဲ့သလို  မြန်မာနိုင်ငံဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုခင်းတွေ ပျော်စံရာရပ် ဝန်းတစ်ခု ဖြစ်လာစေခဲ့တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ စစ်အာဏရှင်စနစ်နဲ့ တရားမဝင်စစ်အာဏာသိမ်းမှုက ပြဿနာရဲ့ ဇစ်မြစ်ဖြစ်ပြီး စစ်အာဏာရှင် စနစ်ဆိုး၊ မတရား စစ်အာဏာသိမ်းမှုနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့ အပြီးတိုင် ချုပ်ငြိမ်းမှသာ ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်တယ်” လို့ ဦးကျော်မိုးထွန်းက မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်က စနစ်တကျ ကျူးလွန်နေတဲ့  လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ၊ အဓမ္မတပ်သား စုဆောင်းတာတွေနဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပါအဝင် များပြားလှတဲ့ ကျူးလွန် ရက်စက်မှုတွေကြောင့် ၃ ဒသမ ၆ သန်းခန့်သော ပြည်သူတွေဟာ နေရပ်စွန့်ခွာနေထိုင်နေကြရပြီး လူကုန်ကူးခံရတဲ့ အန္တရာယ်ကို ရင်ဆိုင်နေကြရတာဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။

ဒါ့အပြင် တိုင်းပြည်အတွင်း တရားဥပဒေစိုးမိုးမှု ပြိုလဲပြီး စနစ်တကျပျက်စီးမှုကြောင့် လူကုန်ကူးတဲ့ ရာဇဝတ်မှုတွေ ရှင်သန်ရပ်တည်နေနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ အကြမ်းဖက်စစ်တပ်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကလည်း တိုင်းပြည်မှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို  ဖြေရှင်းပေးနိုင်မှာမဟုတ်ဘဲ အကြမ်းဖက်မှုတွေ ပိုမိုတိုးပွားစေပြီး တိုင်းပြည် မတည်ငြိမ်မှုကို အဓွန့်ရှည်စေမှာ ဖြစ်သလို တရားမဝင် လူကုန်ကူးမှု ကွန်ယက်တွေကို ပိုမို ပွားများစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ လူကုန်ကူးမှု၊ အွန်လိုင်း လိမ်လည်မှုနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို တိုက်ဖျက်နိုင်ဖို့ ဒေသတွင်း အပါအဝင်  နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့  အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အဆိုပါ ရာဇဝတ်ဂိုဏ်းကွန်ယက်တွေကို ထိထိရောက်ရောက် စိစစ်၊ ဖမ်းဆီး၊ ဖြိုခွဲနိုင်မှာဖြစ်သလို မြန်မာနိုင်ငံရှိ ဆိုက် ဘာမှုခင်းတွေရဲ့  ဇစ်မြစ်ကိုလည်း အမြစ်ပြတ် မြေလှန်နိုင်မယ်လို့ ယုံကြည်ကြောင်း ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြောက်ဦးဆေးရုံကို စစ်တပ် ဗုံးကြဲတိုက်ခိုက်မှု ကုလ ရှုတ်ချ၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်ဟု ထုတ်ပြန်

ရှေးဟောင်းယဥ်ကျေးမှုဇုန် မြောက်ဦးမြို့ရှိ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂအနေနဲ့ ရှုတ်ချကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

အီရန်စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များနဲ့ နျူကလီးယား သိပ္ပံပညာရှင်များ သေဆုံးခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုအပြီး အီရန်နှင့်အစ္စရေးတို့ အပြန်အလှန် တိုက်ခိုက်မှုများ မြင့်တက်လာ အမေရိကန်က အီရန်ဒုံးကျည်အချို့ကို ကူပစ်ချပေးခဲ့…

အစ္စရေးကလည်း အီရန်ကို တန်ပြန်တိုက်ခိုက်ခဲ့ရာ အီရန်မြို့တော် တီဟီရန်မှာ ပေါက်ကွဲသံအများအပြားကြားရတယ်လို့ သတင်းများကဆိုပါတယ်။ အီရန်ခေါင်းဆောင်ပိုင်းတွေ နေထိုင်ရာနေရာနဲ့ နီးတဲ့ မက်ရာဘက်လေဆိပ်ကိုလည်း ဒုံးကျည် နှစ်စင်းထိမှန်ခဲ့ပြီး အဆိုပါလေဆိပ်မှာ တိုက်လေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ ထားရှိရာ လေတပ်အခြေစိုက်စခန်းရှိတယ်လို့ သိရပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေရှိရာ ထိုင်း-မြန်မာ နယ်စပ်မြို့များကို ထိုင်းအစိုးရမှ လျှပ်စစ်ဓာတ်အား စတင် ဖြတ်တောက် 

ထိုင်းအစိုးရက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တို့ကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီး လျှပ်စစ်ဓာတ်အားပေးနေမှုတွေကို ဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထိုင်းတွင် မင်းအောင်လှိုင်ကို ဆန္ဒပြမည့် မြန်မာအဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့ဝင်များက တိုက်ခိုက်ရန်ကြိုးပမ်း၊ ထိုင်းရဲများမှ မြန်မာအဖွဲ့ခေါင်းဆောင်ကို အခင်းဖြစ်ပွားရာမှ ကာကွယ်ထုတ်သွား

ထိုင်းနိုင်ငံရှိ မြန်မာဆန္ဒပြအဖွဲ့ဝင်များ ပါဝင်တဲ့ "Bright Future" အဖွဲ့က ဧပြီလ ၃-၄ ရက်က BIMSTEC အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ကုလသမဂ္ဂရုံးရှေ့မှာ အနက်ရောင်အင်္ကျီများဝတ်ဆင်ကာ ဆန္ဒပြမယ်လို့ ကြေညာခဲ့ပါတယ်။
Read More

ကုလလို နိုင်ငံတကာ အဖွဲ့အစည်းတွေ အားလုံး ရေဘေး အကူအညီတွေပေးအပ်ရေးအတွက် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ တိုက်တွန်း

ကုလလို နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ မြန်မာပြည်ရေဘေးအတွက် အကူအညီပေးဖို့ လိုအပ်ပေးမယ့် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားလိုက်ပါတယ်။