မကွေးတိုင်း၊ မြိုင်နဲ့ပေါက်အစပ်မှာ စစ်တပ်ရဲ့ ပါရာမော်တာ စက်တပ်လေထီးကို တော်လှန်ရေးတပ်ဖွဲ့က ပစ်ချခဲ့ပြီးတဲ့နောက် အဆိုပါ နေရာတဝိုက်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၂၃ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က တော်လှန်ရေးတပ်တွေရဲ့ ပစ်ချမှုကြောင့် ပျက်ကျထားတဲ့ စက်တပ်လေထီး အနီးပတ်ဝန်းကျင်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထပ်မံထိတွေ့မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မြိုင်ပကဖအပါအဝင် တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ပါရာမော်တာ (ခ) စက်တပ်လေထီး ပျက်ကျသွားပြီးနောက် အကြမ်းဖက်စစ်တပ်က အင်အားတွေဖြည့်ကာ စစ်ကြောင်းပြန်ထိုးလာချိန်မှာ ပါရာမော်တာနား ရှာဖွေရေးလုပ်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့တိုးပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။

မိနစ် ၂၀ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်အုပ်စုဘက်က ၄ယောက်သေပြီး ၁၀ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

“ပါရာမော်တာကျတဲ့နားကို ရပ်ကျေးအဖွဲ့တွေ ရှာနေတဲ့အချိန် ဒီကောင်တွေ တက်လာတာနဲ့ တိုက်ပွဲဖြစ်တာပါ။ အစက ဒီကောင်တွေ ကန့်ဘလူဘက်တက်မှာကို ပါရာမော်တာကျလို့ ဒီဘက်ပြန်တက်လာတာပါ။” လို့ မြိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီနောက်မှာတော့ တိုက်ပွဲဖြစ်ပွားရာ နသတ်၊ တဲကြီး၊ ကံသစ်၊ ကမ္ဘာဖြူနဲ့ ကျောက်ခွက်ကျေးရွာတွေဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ခဲ့တယ်လို့လည်း မြိုင်ပကဖက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ပေါက်မြို့နယ်၊ ရွှေဘုံသာပျူရွာက ထွက်ခွာလာရင်း လမ်းတစ်လျှောက်မှာရှိတဲ့ ချိုင့်ဇောက်၊ ထန်းပေါက်ကုန်း၊ ဖလံကိုင်း၊ သစ်ကြီးတော၊ ကျောက်တိုင်ခင်နဲ့ ညောင်ဇင်ရွာတွေကို မွှေနှောက် မီးရှို့ခဲ့သလို မြိုင်မြို့ စက်မှု (၂)က  စစ်ကြောင်းနဲ့ပေါင်းပြီး အရပ်သားတွေကိုသတ်ဖြတ်တာ၊ ပြည်သူပိုင်ပစ္စည်း ခိုးယူတာနဲ့ မွေးမြူရေးတိရစ္ဆာန်တွေ သတ်စားတာတွေပါ လုပ်ဆောင်ရင်း ဖလံကိုင်းကျေးရွာထဲ အခြေပြုလှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လိုက်လံရှာဖွေပြီး အကြိမ်ပေါင်းများစွာ ထိတွေ့တိုက်ပွဲ ဖော်ဆောင်ခဲ့ပေမယ့် စစ်အုပ်စုဘက် ထိခိုက်ဒဏ်ရာရပြီး ထမ်းစင်တွေနဲ့ပါ သွားလာနေရကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ထိတွေ့မှုအပြီးမှာ စစ်အုပ်စုက ပေါက်နဲ့ မြိုင်အစပ်ကျေးရွာတွေဆီ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ကြိမ် လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။ အဲ့ဒီလို တိုက်ခိုက်ရင်း စစ်အုပ်စုက ထပ်ပြီးအင်အားစု တက်လာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထပ်မံထိတွေ့မှုဖြစ်ခဲ့ပါသေးတယ်။

“ဖိုက်တာလာပစ်တဲ့အချိန် တဲကြီးရောက်နေတဲ့စခတွေက နသတ်ဘက်ကိုရောက်လာတယ်။ အဲ့မှာ ကျုပ်တို့ရှိတဲ့ အင်အား ၄၀ ကျော်လောက်နဲ့ နာရီဝက်လောက် တိုက်ပွဲဖြစ်တယ်။ သူတို့က ကျားထိုးတက်လာတော့ အင်အားများတယ်။ အဲ့ဒါကြောင့် ခဏဆုတ်ပေးလိုက်တယ်။ ပြီးမှ စစ်ကူတွေလာတဲ့အချိန် ကျနော်တို့ပြန်တိုက်တော့ သူတို့ တဲကြီးကို ပြန်ဆုတ်သွားပါတယ်။ ဖိုက်တာကိုလည်း ပွိုင့်ဖိုက်နဲ့ပစ်တာပဲ။ အဲ့ဒါကြောင့် သူတို့ ရဲရဲတင်းတင်းတော့ မချရဲဘူ။ ပတ်ဝဲလိုက်ဘာလိုက်နဲ့ပဲ။” လို့ မြိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က MGY PDF ၊ မြိုင် ပကဖ၊ ပေါက် ပကဖ၊ YDF နဲ့ LPDF ပူးပေါင်းအဖွဲ့တွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် ဂျက်ဖိုက်တာကို တော်လှန်ရေးတပ်များ ပွိုင့်ဖိုက်ဖြင့် ပစ်ခတ်နေပုံနှင့် ထိခိုက်ဒဏ်ရာခဲ့သည့် စစ်အုပ်စုသွေးကွက်များ (ဓာတ်ပုံ မြိုင်ပကဖ)

0 Shares:
You May Also Like
Read More

ဖြူးမြို့နယ်အတွင်း ပကဖနဲ့ ပအဖ တွေက ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေ ပြုလုပ် (ဓာတ်ပုံသတင်း)

ဖြူးမြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းဘေးက ရေဘေးသင့်ရွာတွေကို ဖြူးမြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေက အလှူရှင်တွေကိုယ်စား သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်နှင့် အကြိမ်ကြိမ် စစ်အင်အားဖြည့်တင်းမှုများကြားမှ ဖလမ်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းညီနောင် ကြေညာ

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ဒီနေ့ ဧပြီ ၉ရက်မှာ တရားဝင် အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းဒေသ၊ နဂါးပတ်တောင်ကျောင်းတိုက်တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ အလောင်း ၄ လောင်း၊ စစ်သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ မင်းကွန်းတောင်ရွာရှိ နဂါးပတ်တောင်ကျောင်းတိုက်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ဗိုလ်မှူးအပါ စစ်ကောင်စီတပ်သား ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ အရာရှိအဆင့် ဗိုလ်မှူး (၁) ယောက်အပါအဝင် တပ်သားနဲ့ရဲ (၆၄) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီအခြေစိုက် ခမရ (၅၅၇) တပ်ရင်းမှ ဒုတပ်ကြပ်အပါ စစ်ကော်မရှင်တပ်သား ၃ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အမှတ် (၅၅၇) ခြေမြန်တပ်ရင်းက ဒုတပ်ကြပ်အပါအဝင် စစ်ကော်မရှင်တပ်သား ၃ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးဘက် အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လသား ကလေးငယ် အပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင် (မြောက်) ရွာကို တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ်ကလေး ၁ ယောက် အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။