ပြီးခဲ့တဲ့အပတ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ရဲ့ဘားအံမြို့ခရီးစဉ် နောက်တရက်မှာ စစ်တပ်အရာရှိတွေက သြဇာကြီးမားတဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တခုက အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်က တိုးချဲ့လာနေတဲ့ ငွေလိမ်ဂိုဏ်းတွေကို ချက်ချင်း နှိမ်နင်းဖို့ အမိန့်ပေးခဲ့တယ်လို့ သတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။

နယ်စပ်တလျှောက်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ မြန်မာနဲ့ ကမ္ဘောဒီးယားအပါအဝင် အရှေ့တောင်အာရှက ရာဇဝတ်ဂိုဏ်းကွန်ရက်တွေရဲ့ တစိတ်တပိုင်းဖြစ်ပြီး လူကုန်ကူးခံရသူတွေကို အသုံးချပြီး ကမ္ဘာတဝန်းကလူတွေကို လိမ်လည်ကာ နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာ ဝင်ငွေရရှိနေပါတယ်။

တနင်္ဂနွေနေ့က တွေ့ဆုံမှုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ကရင်နယ်ခြားစောင့်တပ် (BGF)/ ကရင်အမျိုးသားတပ်မတော် (KNA) အဖွဲ့ဝင်တွေကို ဒီညွှန်ကြားချက် ပေးခဲ့တာဖြစ်ကြောင်း အဆိုပါဆွေးနွေးမှုအကြောင်းကိုသိတဲ့ သတင်းရင်းမြစ်နှစ်ခုက ဆိုပါတယ်။ KNA ဟာ ကရင်နယ်ခြားစောင့်တပ် (BGF) ကို အသွင်ပြောင်းထားတာဖြစ်ပြီး ဆိုက်ဘာလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ မှောင်ခိုကူးမှုတွေကို ကူညီပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မေလမှာ အရေးယူ ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ငွေလိမ်ဂိုဏ်းတွေကို ထိန်းချုပ်ဖို့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်နေတယ်လို့ ဝါဒဖြန့်ပြောဆိုထားပေမဲ့၊ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေ အလျင်စလို လုပ်ဆောင်နေရတာဟာ ဖြစ်လာနိုင်တဲ့ အမေရိကန်ရဲ့ အရေးယူဆောင်ရွက်မှုအပေါ် စိုးရိမ်ပူပန်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ သတင်းရင်းမြစ်တွေက ထောက်ပြကြပါတယ်။

ပြီးခဲ့တဲ့အပတ်က အမေရိကန်အစိုးရရဲ့ “နှိမ်နင်းရေးတပ်ဖွဲ့” အသစ် ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး အဲဒီတပ်ဖွဲ့မှာ FBI နဲ့ လျှို့ဝှက်အဖွဲ့ ‘Secret Service’ တို့လည်း ပါဝင်နေတာကြောင့် မြန်မာစစ်အုပ်စုကို အထူးစိုးရိမ်စေခဲ့ကြောင်း သတင်းရင်းမြစ်နှစ်ခုစလုံးက ပြောပါတယ်။

KNA/BGF နဲ့ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့တဲ့ စစ်ဘက်အရာရှိတဦးက အမေရိကန်အဖွဲ့တွေ နယ်စပ်ဖြတ်ကျော်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်လာနိုင်မယ့် အန္တရာယ်ကို မလိုလားကြောင်း ရှင်းပြခဲ့ပြီး “ဒီပြဿနာကို ကျွန်တော်တို့ ကိုယ်တိုင် ဖြေရှင်းရမယ်” လို့ ပြောဆိုခဲ့ကြောင်း သတင်းရင်းမြစ်တခုက ပြောပါတယ်။
ရိုက်တာသတင်းဌာနဟာ မြန်မာစစ်တပ်ရဲ့ လျှို့ဝှက်ဆွေးနွေးမှု အသေးစိတ်ကို ပထမဆုံး ဖော်ပြခဲ့တာဖြစ်ပြီး ငွေလိမ်ဂိုဏ်းတွေကို နှစ်ပေါင်းများစွာ ခွင့်ပြုပေးထားခဲ့ပြီးနောက်မှာ နိုင်ငံတကာဖိအားတွေ ကြီးထွားလာနေတာကြောင့် စစ်တပ်အနေနဲ့ သူတို့ကို ဒီတိုင်းဆက်ထားလို့မရတော့တာကို အလေးထား ဖော်ပြခဲ့ပါတယ်။

ငွေလိမ်ဂိုဏ်းတွေမှာ တက်ကြွစွာပါဝင်နေတယ်လို့ အမေရိကန်က ပြောထားတဲ့ KNA/ BGF နဲ့ စစ်အုပ်စုအကြား ဆက်ဆံရေးဟာ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မတူဘဲ အတော်လေးနီးကပ်မှုရှိပါတယ်။

စစ်ကောင်စီပြောခွင့်ရသူကို မှတ်ချက်ပေးဖို့ ရိုက်တာရဲ့ တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့အင်္ဂါနေ့ မြန်မာစစ်တပ်နဲ့ KNA တပ်ဖွဲ့ဝင်တွေက ငွေလိမ်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတွေရဲ့ အဓိကဗဟိုချက်ဖြစ်တဲ့ မြဝတီမြို့နယ်၊ ရွှေကုက္ကို ကို ဝင်စီးနင်းခဲ့ပြီး နိုင်ငံခြားသား ၁,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ကွန်ပျူတာ ၂,၆၅၃ လုံးနဲ့ မိုဘိုင်းလ်ဖုန်း ၂၁,၇၅၀ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်အုပ်စုအာဘော် သတင်းများမှာ ဖော်ပြထားပါတယ်။

KNA ပြောရေးဆိုခွင့်ရှိသူ နိုင်မောင်ဇော်ကတော့ ၎င်းတို့တပ်ဖွဲ့ကသာ နှိမ်နင်းမှုကို ဦးဆောင်ခဲ့ကြောင်းနဲ့ စစ်တပ်ကတော့ သူတို့ကို အကြောင်းကြားပြီးမှ ပူးပေါင်းပါဝင်လာတာ ဖြစ်ကြောင်း ရိုက်တာကို ပြောကြားခဲ့ပါတယ်။

” စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက အချို့လုပ်ငန်းစဉ်တွေကို ပိုမို ချောမွေ့စေနိုင်တယ်လို့ ကျွန်တော်တို့ခေါင်းဆောင်က ဆုံးဖြတ်ခဲ့တာပါ … ဒီစစ်ဆင်ရေးတွေကို ကျွန်တော်တို့က ဦးဆောင်တာဖြစ်ပါတယ်” လိူ့ သူကဆိုပါတယ်။

အရှေ့တောင်အာရှက ငွေလိမ်လုပ်ငန်းတွေဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက စည်းကမ်းတင်းကျပ်မှု နည်းပါးတဲ့ ကာစီနိုတွေနဲ့ အွန်လိုင်းလောင်းကစားတွေကနေ စတင်ခဲ့တာဖြစ်ပြီး COVID-19 ကပ်ရောဂါကာလမှာ ရာဇဝတ်ဂိုဏ်းတွေက အကျိုးအမြတ်အသစ်တွေ ရှာဖွေရာကနေ လျင်မြန်စွာ ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။

Global Initiative against Transnational Organized Crime က ကျွမ်းကျင်သူ ဂျေဆင်တာဝါက အမေရိကန်ရဲ့ နိုင်ငံပေါင်းစုံ ပူးပေါင်းပါဝင်တဲ့ “Scam Center Strike Force” ကို ကြေညာလိုက်ခြင်းဟာ အခြေအနေကို ပြောင်းလဲစေခဲ့တဲ့ အဓိကအချက်ဖြစ်ကြောင်း ဆိုကြပါတယ်။

ထိုင်းနိုင်ငံဟာလည်း ၂၀၂၂ ခုနှစ်အတွင်း ၎င်းတို့ဖမ်းဆီးရမိခဲ့တဲ့ ရွှေကုက္ကိုရဲ့ ဦးဆောင်သူဖြစ်ခဲ့တဲ့ လောင်းကစားဘုရင် ရှင့်ကျီကျန်း ကို တရုတ်ရဲ့ တောင်းဆိုမှုအရ ပြီးခဲ့တဲ့အပတ်က လွှဲပြောင်းပေးခဲ့ပါတယ်။

“ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုက နှိမ်နင်းဖို့ ဖိအားပေးလာတာက မြန်မာစစ်တပ်နဲ့ သူ့ရဲ့ နယ်ခြားစောင့်တပ်တွေကို အကျပ်အတည်းထဲ ရောက်စေပါတယ်” လို့လည်း ဂျေဆင်တာဝါက ထပ်လောင်းပြောကြားခဲ့ပါတယ်။
News- Reuters

0 Shares:
You May Also Like
Read More

မြန်မာစစ်တပ်၏ KK Park စီးနင်းမှု အတုအယောင်သာ ဖြစ်၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် ဒေသတွင်းမတည်ငြိမ်မှု၏ ရေသောက်မြစ် မြန်မာစစ်အုပ်စုကို နိုင်ငံတကာနှင့် အာဆီယံ မဖြစ်မနေ အရေးယူရန် JFM တိုက်တွန်း

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာစစ်တပ်အနေနဲ့ KK Park ကို ဝင်ရောက်စီးနင်းမှုဟာ အတုအယောင်သာဖြစ်ပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ ဒေသတွင်းမတည်ငြိမ်မှုရဲ့ ရေသောက်မြစ်ဖြစ်တဲ့ မြန်မာစစ်အုပ်စုကို နိုင်ငံတကာနဲ့ အာဆီယံက မဖြစ်မနေ အရေးယူဖို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပြင်သစ်သမ္မတမှ ဒေါ်အောင်ဆန်းစုကြည်ထံ ပုဂ္ဂိုလ်ရေးစာ ပေးပို့ပြီး ကျန်းမာရေးအတွက် စိုးရိမ်ကြောင်းပြော၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ကျဥ်းအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် အမြဲတောင်းဆို အားပေးနေတဲ့ ပြင်သစ်သမ္မတ၊ ပြင်သစ်အစိုးရနဲ့ ပြင်သစ်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်းလင်းက ပြောပါတယ်။
Read More

တရားမဝင် မြန်မာလုပ်သားများကို မြန်မာစစ်တပ်ထံ ပြန်လည်မပို့ဆောင်ရန် ထိုင်းအစိုးရကို CRPH တောင်းဆို 

ထိုင်းအစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်တပ်ထံ ပြန်မပို့ဘဲ NUG ၊ CRPH နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးဖို့ CRPH နဲ့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများအတွက် ဗြိတိန်နှင့် ဩစတေးလျအစိုးရတို့ ငွေကြေးဆိုင်ရာ ကူညီထောက်ပံ့မှုများ စတင်ပေးအပ်

ဗြိတိန်နဲ့ ဩစတေးလျ အစိုးရတွေက မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အင်အားပြင်းငလျင်အတွက်  သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတဆင့် ငွေကြေးထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမယ်လို့ သက်ဆိုင်ရာ သံရုံးတွေကနေ အသီးသီးထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီးနောက် NUG အစိုးရနှင့် မနက်ဖြန်မှာ တွေ့ဆုံမည်ဟု မလေးရှားဝန်ကြီးချူပ်က ပြော

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ ဧပြီ ၁၇ ရက် ညနေပိုင်းက တွေ့ဆုံခဲ့အပြီးမှာတော့၊ မလေးရှားဝန်ကြီးချူပ်က မနက်ဖြန် ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးသွားမယ်လို့ သူရဲ့လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။
Read More

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝပယ်ချရန် ကုလအစည်းအဝေးတွင် ဦးကျော်မိုးထွန်း တိုက်တွန်း

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေရဲ့ အားထုတ်မှုကို ထောက်ခံပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။