မန္တလေးတိုင်း၊ ညောင်ဦးနယ်မြေအတွင်း PDF အမည်ခံပြီး အရပ်သားတွေကို ပြန်ပေးဆွဲ ငွေတောင်းတာ၊ ဆက်ကြေးကောက် အနိုင်ကျင့်တာတွေလုပ်ဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ညောင်ဦးနယ်မြေအတွင်း အရပ်သားတွေကို ခေါင်းစဥ် အမျိုးမျိုးတပ် ဖမ်းဆီးပြီး ပြန်ပေးငွေတောင်းခံတာ၊ လက်နက်ပြ ဆက်ကြေးသဘောမျိုး ကောက်ခံတာတွေရှိနေပြီး တော်လှန်ရေးပုံရိပ် ကျဆင်းမှုတွေ ဖြစ်နေတာကြောင့် အခုလို အရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုအပါအဝင် အရပ်သားတွေကို လက်နက်ကိုင် အနိုင်ကျင့် ဗိုလ်ကျနေတဲ့ အဖွဲ့အစည်းတိုင်းကို အရေးယူသွားမှာလို့ တိုင်ကြားနိုင်ကြောင်း ညောင်ဦးခရိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ တာဝန်ရှိသူရဲ့ ပြောပြချက်အရ မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်း လှုပ်ရှားနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတချို့က ညောင်ဦးမြို့နယ်အတွင်း ပြန်ပေးဆွဲတာ၊ ဆက်ကြေးသဘောမျိုးကောက်ခံတာတွေကို လာရောက်ကျူးလွန်တတ်တယ်လို့လည်း သိရပါတယ်။

“အဲ့ဒီက လက်နက်ကိုင်တဲ့သူတချို့က ညောင်ဦးမြို့နယ်ထဲမှာ ပြစ်မှုတွေ လာကျူးလွန်တယ်။ ပြီးရင် ငွေတောင်းတယ်။ ပြီးရင်ပျောက်သွားတယ်။ ပြည်သူတွေရဲ့ မျက်ရည်တွေ သွေးတွေနဲ့ ငွေရှာနေကြတာပါ။ အဲ့လိုလုပ်တဲ့ သူ ဘယ်သူမဆို စစ်အာဏာရှင် ထူးမခြားနား အတူတူပဲမို့ အဲ့လိုမျိုးပဲ အရေးယူဆောင်ရွက်မှာပါ။” လို့ ညောင်ဦးခရိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပုံစာ – ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ (ပုံဟောင်း)

ဒီလိုမျိုးအကြမ်းဖက် အနိုင်ကျင့်တဲ့ လုပ်ရပ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေ လုပ်ဆောင်ကြတာမျိုးရှိသလို ပြည်သူ့ကာကွယ်ရေးတပ် PDF အမည်ခံပြီး လုပ်ဆောင်ကြသူတွေလည်း ရှိကြောင်း၊ စစ်အုပ်စုထောက်တိုင်တွေသာမက သာမန်စီးပွားရေးလုပ်ငန်းရှင်တွေကိုပါ ပစ်မှတ်ထားလာကြောင်း သိရပါတယ်။

“တချို့အမှုတွေက စကမ အနွယ်ဝင်တွေ ကျူးလွန်တာရှိသလို အချို့ကလည်း PDF အမည်ခံ တော်လှန်ရေးလုပ်စားတွေက လုပ်နေတာပါ။ စကမ ဒေါက်တိုင်တွေကို ပစ်မှတ်ထားတာမျိုးမဟုတ်ဘဲ သာမန် စီးပွားရေးလုပ်ငန်းရှင်တွေ အရပ်သား ပြည်သူတွေကိုပါ ဒုက္ခပေးနေတဲ့သူတွေ ရှိနေလို့ အခုလို သတိပေးစာ ထုတ်ပြန်ရတာပါ။ အဲ့လို လုပ်တဲ့သူတွေအတွက်က ပြစ်မှုကျူးလွန်တဲ့ သက်သေသာ ရှိနေပါစေ၊ စစ်ကော်မရှင်လက်ကသာ လွတ်အောင် ပြေးနိုင်ရင် ပြေးနိုင်ပါလိမ့်မယ်၊ NUG အစိုးရရဲ့ လက်အောက်က လွတ်အောင်ပြေးဖို့ မြေမရှိပါဘူး။ ကျနော်တို့ အခုက မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ ညောင်ဦးခရိုင် သုံးခရိုင်ပူးပေါင်းပြီး အရေးယူမှာပါ။ အဲ့ခရိုင်တွေကျော် တိုင်းတွေ ကျော်သွားလည်း သူတို့ ပြေးမလွတ်ပါဘူး။ သူတို့ ကျူးလွန်ခဲ့တဲ့ အမှုတွေကလည်း ဆွေးမသွားပါဘူး။” လို့ ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီလိုမျိုး ဖမ်းဆီးအရေးယူမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ရဲ့ ညွှန်ကြားမှုနဲ့အတူ ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ နဲ့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲ၊ ၅ နှစ်အရွယ် ကလေးငယ်အပါ အရပ်သား ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်တိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ သစ်ဆိမ့်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ အသက် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၄ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ယောက်ရှိခဲ့ကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများ အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင် 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (C.F.G) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စက်တင်ဘာ ၃၀ရက်မှ နိုဝင်ဘာ ၁၆ရက်အတွင်း စစ်ရေးလှုပ်ရှားမှုများကို Earthquake People’s Defense Force ထုတ်ပြန် 

Earthquake People’s Defense Force က ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်အတွင်း စစ်ရေးလှုပ်ရှားမှု တိုက်ပွဲအခြေအနေတွေကို သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ကြို့ပင်ကောက်တွင် စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ ၁၀၀ ကျော် တိမ်းရှောင်ထွက်ပြေးနေရ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ရှောင် ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မိုင်းထွက်ရှင်းတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အပါ ၅ ယောက် သေ၊ တပ်ကြပ်အလောင်းကို ပစ်ထားခဲ့လို့ တော်လှန်ရေးရဲဘော်တွေ မီးသဂြိုဟ်ပေးခဲ့ရ

မကွေးတိုင်း၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်မှာ ရိက္ခာထောက်ပို့ယာဥ်တန်းအတွက် မိုင်းထွက်ရှင်းတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်ရှိသူ အပါအဝင် ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။