ဂျပန်အစိုးရသစ်အနေနဲ့ နိုင်ငံခြားရေးမူဝါဒမှာ လူ့အခွင့်အရေးကို ဦးစားပေးသင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က နိုဝင်ဘာ ၁၇ ရက် တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ် ဆနဲ တာကအိချိ (Sanae Takaichi) အနေနဲ့ အာရှနဲ့ ကမ္ဘာတဝန်းက အလွဲသုံးစားပြုမှုတွေကို ဖြေရှင်းဖို့ ပိုမိုခိုင်မာတဲ့ ဥပဒေရေးရာ၊ သံတမန်ရေးရာနဲ့ အဖွဲ့အစည်းဆိုင်ရာ အစီအမံတွေကို ချမှတ်ဖို့ကိုလည်း HRW က တောင်းဆိုထားပါသေးတယ်။
ဂျပန်နိုင်ငံဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ နိုင်ငံခြားက တာဝန်ရှိသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု မရှိသေးတဲ့ တခုတည်းသော G7 နိုင်ငံ ဖြစ်တာကြောင့် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့မှာလုပ်ဆောင်နေတဲ့ အရေးယူပိတ်ဆို့မှုဆိုင်ရာ မူဘောင်တွေလိုမျိုး မူဝါဒတွေရှိမယ်ဆိုရင် တိုကျိုအနေနဲ့ အာရှနဲ့ အခြားဒေသတွေက အလွဲသုံးစားပြုမှုတွေကို ပိုပြီးထိထိရောက်ရောက်တုံ့ပြန်နိုင်မယ်လို့ HRW က ထောက်ပြထားပါတယ်။
ဒါ့အပြင် ဂျပန်ကုမ္ပဏီတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေမှာ အဓမ္မလုပ်အားခိုင်းစေမှု၊ အနိုင်ကျင့်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ မဖြစ်အောင် တားဆီးဖို့အတွက် စည်းနှောင်မှုရှိတဲ့ စနစ်တကျစစ်ဆေးရေး စည်းမျဉ်တွေ (due diligence rules) ကို ချမှတ်ဖို့ လိုအပ်ကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေတဲ့ ကုန်ပစ္စည်းတွေကို တင်သွင်းမှု ကန့်သတ်ဖို့ လိုအပ်ကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ပိုမိုပြတ်သားတဲ့ ရပ်တည်မှုမျိုး ဂျပန်ဆီက မျှော်လင့်နေချိန်ဟာ ဒေသတွင်း တင်းမာမှု မြင့်တက်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဝန်ကြီးချုပ် တာကအိချိရဲ့ မကြာသေးမီက ထိုင်ဝမ်နဲ့ပတ်သက်တဲ့ မှတ်ချက်ကြောင့် ဂျပန်ရဲ့လုံခြုံရေးကိုပါ ခြိမ်းခြောက်လာတဲ့ တရုတ်ရဲ့ ရန်လိုတဲ့တုံ့ပြန်မှုမျိုးတွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဂျပန်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ တရုတ်အပြင် မြောက်ကိုရီးယား၊ မြန်မာနဲ့ ကမ္ဘောဒီးယားတို့က ပိုမိုဆိုးရွားလာတဲ့ လူ့အခွင့်အရေး အခြေအနေတွေကြောင့် စိန်ခေါ်ခံနေရပါတယ်။ မြန်မာအာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲမတိုင်မီ ဖိနှိပ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာ၊ မြောက်ကိုရီးယားရဲ့ နှစ်ပေါင်းများစွာဖြစ်ပွားလာခဲ့တဲ့ ဖိနှိပ်မှုတွေ၊ ကမ္ဘောဒီးယားရဲ့ နိုင်ငံရေးမှာ အရပ်ဘက်နေရာ ကျဉ်းမြောင်းလာမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေကို အာရှရဲ့ တဦးတည်းသော G7 အဖွဲ့ဝင်ဖြစ်တဲ့ ဂျပန်အနေနဲ့ တုံ့ပြန်ဖို့ တာဝန်ရှိတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
တဆက်တည်းမှာပဲ ဂျပန်နိုင်ငံရဲ့ ပြောင်းလဲပြင်ဆင်လိုက်တဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ နိုင်ငံရေးခိုလှုံခွင့် ၃ ကြိမ် ရှုံးနိမ့်ရင် နှင်ထုတ်ခွင့်ပြုထားတာကလည်း အချို့ပုဂ္ဂိုလ်တွေကို မိမိတို့ ထွက်ပြေးလာရတဲ့ နေရာဆီ အတင်းအဓမ္မ ပြန်ပို့ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရစေနိုင်တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။
ဒါ့အပြင် ဂျပန်ရဲ့ အကျဉ်းစခန်းအခြေအနေတွေနဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမှုနှုန်း အမြဲနိမ့်ကျနေခြင်းအပေါ် ဥပဒေအဖွဲ့တွေက စိုးရိမ်ကြောင်း ဖော်ပြထားကြပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ လွတ်လပ်မှုကို ကာကွယ်ခြင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေလျော့နည်းနေမှုကြောင့် ထိခိုက်နေတဲ့ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေအတွက် ပံ့ပိုးကူညီမှု တိုးမြှင့်ပေးခြင်း စတာတွေကို လုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံတကာ တရားမျှတမှုအပေါ် သူ့ရဲ့ကတိကဝတ် ပိုမိုခိုင်မြဲစေသင့်တယ် လို့ HRW က တောင်းဆိုခဲ့ပါတယ်။
News – JuristNews