စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်အုပ်စုပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ အမျိုးသား လူငယ် ၄ ယောက် စစ်သင်တန်း ပို့ဆောင်ခြင်းမခံရခင် အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ထံက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၈ ရက်အတွင်း ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကြော၊ ဘူးကုန်းစစ်အထိုင်ဂိတ်စခန်းမှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ အမျိုးသားတွေရှိခဲ့ပြီး အဲ့ဒီထဲက ၄ယောက်ဟာ စစ်အုပ်စုရဲ့ ကျွန်းလှအချုပ်ခန်းကနေ ခက်ခက်ခဲခဲနဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူတွေဟာ တစ်နေ့တည်း ဖမ်းဆီးခံရသူတွေမဟုတ်ဘဲ အကြောင်းအမျိုးမျိုးနဲ့ ဘူးကုန်းဂိတ်ကို ဖြတ်သွားချိန်မှာ စစ်အုပ်စုရဲ့ အဓမ္မ စုဆောင်းတာကို ခံခဲ့ကြရတာဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ-ကန့်ဘလူခရိုင်က ဖော်ပြထားတဲ့ လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်ရုပ်သံဖိုင်အရ သိရပါတယ်။
ရုပ်သံဖိုင်အတွင်း အသက် ၂၁ နှစ်အရွယ် အမျိုးသား ၁ယောက်က “ကျနော်က မုံရွာမြို့နယ်၊ ချမ်းသာကျွန်းရွာကပါ။ မြစ်ကြီးနားဘက် ငှက်ပျောခြံအလုပ်သွားလုပ်မလို့ စံရတီ (မုံရွာ-မြစ်ကြီးနား) အန်စာတုံးကားစီးလာတာကနေ အောက်တိုဘာ ၃၀ ရက်နေ့မှာ ဘူးကုန်းဂိတ်မှာ စစ်ဆေးဖို့ဆိုပြီး ခြောက်ပေါက်ချ ဖမ်းခံရတာ၊ ၄ ရက်လောက် ခြောက်ပေါက်ချပြီး နိုဝင်ဘာ ၃ ရက်နေ့ကမှ ၆ ဘီးကားနဲ့ ပို့တာ။ အားလုံးပေါင်း ကားပေါ်မှာ ပေါ်တာဆွဲဖမ်းထားတာ ၂၀ ကျော်ပါတယ်၊ ဇီးကုန်းဘက်ဂိတ်တစ်ခုကနေလည်း ဖမ်းထားတဲ့ မိန်းကလေးတစ်ယောက် တင်ပေးလိုက်သေးတယ်၊ ကန့်ဘလူရောက်မှ Faw ကားကြီးပြောင်းပြီး ကျွန်းလှပို့တာ။ ကျွန်းလှမြို့အဝင် ဆိုင်းဘုတ်နားက ချောင်းစပ် ၄ပေပတ်လည် အခန်း ၂ ခန်းတွဲမှာ လူ ၃၀ ကျော်ထားတာ။ ဦးဇင်းတစ်ပါးလည်း အဲ့ဒီမှာဖမ်းထားသေးတယ်ဗျ”လို့ သူ ဖမ်းဆီးခံရပုံကို ရှင်းပြပါတယ်။
ပေါ်တာဆွဲဖမ်းဆီးထားသူတွေကို ၆၀၀၆ တင့်ကားတပ်ရင်းဆီ အရင်မပို့ဆောင်ခင် စစ်အုပ်စုက ကျွန်းလှမြို့နယ်က အချုပ်ခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပြီး အဲ့ဒီလိုချုပ်ထားရာကနေ အသက် ၁၉ နှစ်အရွယ် လူငယ်က ဦးဆောင်ကာ အခုလို လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
“ကျနော်က အသက် ၁၉ နှစ်၊ ရေစကြိုမြို့နယ် ဂွေးခုံရွာမှာနေပါတယ်။ မြစ်ကြီးနားက ငှက်ပျောခြံမှာအလုပ်လုပ်ဖို့ ရေစကြိုကနေ light truck ကား ၃ စီးနဲ့ လာကြတာ။ ကျန်တဲ့ဂိတ်တွေက အေးဆေးပဲ။ နိုဝင်ဘာ ၂ ရက်နေ့က ဘူးကုန်းဂိတ်ရောက်မှ လာတဲ့ကား ၃ စီးမှာ ရှေ့ကအစီးက လွတ်သွားပြီး ကျန်တဲ့နှစ်စီးကလူတွေကို မှတ်ပုံတင်ကြည့်ပြီး အောက်ဆင်းခိုင်းတာ၊ ကားနှစ်စီးပေါင်း ကျနော်အပါအဝင် (၁၃)ယောက် ပေါ်တာဆွဲပြီး ဖမ်းခံလိုက်ရတာ။ ၃ ရက်နေ့မနက်မှာပဲ ဟိုအစ်ကိုတို့နဲ့အတူ ကျွန်းလှပို့ခံရတာ” လို့ လွတ်မြောက်မှုကို ဦးဆောင်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်က ပြောပြပါတယ်။
သူ့ရဲ့ ပြောပြချက်အရ စစ်အုပ်စုက ဖမ်းဆီးထားသူတွေကို ထွက်မပြေးနိုင်အောင် အစားအသောက်ထဲ ဆေးခပ်တာ၊ ဝါဒဖြန့် လိမ်လည်စည်းရုံးတာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
“အိမ်သာရေ၊ သောက်ရေ၊ ချိုးရေက အတူတူပဲ၊ ထမင်းကလည်း မသေရုံကျွေးတာ၊ ထမင်းဟင်းတွေထဲ ဆေးခတ်တယ်ထင်တယ်၊ စားပြီးရင် မူးပြီး ပျော့ခွေနေတာ။ အိပ်ပဲ အိပ်နေရတာ။ လူစေ့အကုန်ဖြစ်တာ။ စစ်ဗိုလ်တစ်ယောက်က တစ်ရက်ခြားလာပြီး အချိုသပ်စည်းရုံးရေးစကားတွေပြောတာ။ သူတို့က နှစ်ဆယ်ချီပြီ ဟိုကောင်တွေက မနေ့တနေ့ကမှ ဖြစ်လာတာ။ ငါတို့က မတိုက်ချင်သေးလို့။ တင့်ကားတွေ၊ လက်နက်စက်ရုံတွေလည်းရှိတယ်။ မင်းတို့ PDF ဘက် ရောက်ရင်ဖမ်းပြီးသတ်ခံရမှာ ဘာညာ အမြဲလာပြောနေတာ” လို့ ဆိုပါတယ်။

သူကပဲ ဆက်ပြီး “ကျနော်က ဒီလိုကြီးတော့ ဘယ်လိုမှ မနေနိုင်ဘူး ဆုံးဖြတ်ထားတာ။ ရောက်တဲ့နေ့ ညကတည်းက သံဆူးကြိုးက အပြားလေး ရအောင်ဆွဲဖြတ်ပြီး အချုပ်ခန်းအောက်ခင်းပြင်ကို တိုက်ဖြတ်နေတာ၊ မရနိုင်တော့ အိမ်သာ မင်းတုန်းက အပြားလေးနဲ့ ပျဥ် ၃ ပြားကို (၈) ရက် တိုက်ဖြတ်ခဲ့ရတာ၊ ၁၀ ရက်နေ့ ည ၁၁ ခွဲမှာထွက်ပြေးခဲ့ကြတာ၊ ကျန်တဲ့သူတွေကို နှိုးတယ်.. နှိုးမရဘူး။ ကျနော်တို့ ၄ ယောက်က အဲ့ညနေ ထမင်းပဲစားတာ ဟင်းမစားဘူး မထနိုင်မှာမို့။ ထွက်ပြေးရတာ ဖိနပ်မပါ ဓာတ်မီးမပါ၊ ကိုယ့်ဒေသမဟုတ်တော့ လမ်းမကျွမ်းဘူး။ မီးအလင်းရောင် ရှောင်ကွင်း၊ ငှက်ပျောသီးမီးဖုတ်စားပြီး ၃ ည လမ်းလျှောက်ပြီးမှ တော်လှန်ရေးအဖွဲ့တွေဆီရာက်ခဲ့တာ”လို့ အချုပ်ခန်းဖောက်ပြေးရာမှာ ဦးဆောင်ခဲ့တဲ့အသက် ၁၉ နှစ်အရွယ် လူငယ်က ပြောပါတယ်။
ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကြောက ဘူးကုန်း၊ စံပယ်နံ့သာ စတဲ့ အကြမ်းဖက်စစ်တပ် အထိုင်ဂိတ်စခန်းတွေဟာ ခရီးသွားလူငယ်လူရွယ် အမျိုးသားတွေသာမက ဘုန်းကြီးနဲ့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးလေ့ရှိရာ အရပ်သား ရာနဲ့ချီ ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။
“ကလေးတွေက လက်ရှိတော့ လွတ်မြောက်ရာကို ချိတ်ဆက်ပို့လိုက်ပါပြီ။ ပျဥ်တွေကို ၈ရက်လောက် ဖြတ်ခဲ့ရတယ်ပြောတယ်။ ၁၉နှစ်ကလေးက ဦးဆောင်ပြီးလုပ်ခဲ့တာပါ။ ၈ရက်မြောက်ညမှာပဲ ထွက်ပြေးလာခဲ့တာပါ။” လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
အခုလို ဖမ်းဆီးမှုဟာ ဒေသတွင်း သင်္ကန်းဝတ်လက်နက်ကိုင် ဝါသဝရဲ့ ပျူစောထီးတပ် အင်အားတွေအတွက် ဖြစ်တယ်လို့လည်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ပြောပါတယ်။
“တနိုင်ငံလုံးက ပျူအင်အားကလည်း ဝါသဝပျူတွေပဲဆိုတော့ ပေါ်တာဆွဲတာက တစ်ဂိတ်တည်းမဟုတ်ပါဘူး။ ဒီ ဗျူဟာလမ်းကြောမှာ တစ်ဂိတ်မဟုတ်တစ်ဂိတ်ရှိနေတာပါ။ အဲ့ဒါကြောင့် ဒီလမ်းကြောကို သတိထား သွားလာစေချင်ပါတယ်။”လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း စံပယ်နံ့သာ ဂိတ်စခန်းကနေ ဖမ်းဆီးခံရတဲ့ လူငယ် ၁၀ ယောက်ဟာ ကန့်ဘလူမြို့ကို အန်စာတုံးကားနဲ့ ပို့ဆောင်ခံရချိန်မှာ ကားသမားကို ထိန်းချုပ်အကြပ်ကိုင်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ပါသေးတယ်။